ပါကစ္စတန်ဝန်ကြီးချုပ်က သူ့ကိုဖြုတ်ချဖို့ အမေရိကန် ပူးပေါင်းကြံစည်နေဟု စွပ်စွဲ

ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းက အမေရိကန်ကျောထောက်နောက်ခံပြု နိုင်ငံရေး အဖွဲ့အစည်းတွေက သူ့ကို ဖြုတ်ချပြီး အစိုးရအပြောင်းအလဲလုပ်ဖို့ လှုပ်ရှားနေတယ်လို့ ဧပြီ ၂ ရက်နေ့မှာ ပြောပါတယ်။
အမေရိကန်နောက်ကွယ်က အားပေးမှုနဲ့ အတိုက်အခံတွေနဲ့ အတွင်းလူအချို့ ပူးပေါင်းကြံစည်နေတယ်လို့ ပါတီအမတ်တွေကို ညစာတည်ခင်းကျွေးရာမှာ ခန်းက ပြောလိုက်တာပါ။
“ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုပါ။ ဒါ အင်မရန်ခန်းကို ဆန့်ကျင်တာမဟုတ်ဘူး၊ ပါကစ္စတန်ကို ဆန့်ကျင်နေတာပါ။ လူတွေကတော့ တဖြည်းဖြည်းနဲ့ ကြီးမားတဲ့ စက်ပုန်းခုတ်မှုကို သဘောပေါက်လာပါပြီ။ လွန်ခဲ့တဲ့ ၃၅ နှစ်က တိုင်းပြည်ကို အဓမ္မပြုကျင့်ခဲ့တဲ့ သစ္စာဖောက်တွေက ပြင်ပအင်အားစုတွေနဲ့ပေါင်းပြီး ပြန်ဂျိုကြွလာနေတာ၊ ပြင်ပအင်အားစုဆိုတာ အမေရိကန်လို့ပဲ တည့်တည့် ပြောပါရစေ။”
ခန်းရဲ့ ဗြောင်ကျကျ ပြောဆိုမှုကို အိမ်ဖြူတော်ဘက်က ငြင်းဆိုပါတယ်။
သမ္မတဂျိုးဘိုင်ဒင် အိမ်ဖြူတော် ရောက်လာကတည်းက အင်မရန်ခန်းကို ဆက်သွယ် စကားပြောဆိုမှု မရှိပါဘူး။
ခန်းက ယူကရိန်းစစ်ပွဲကို စိုးရိမ်ကြောင်း ပြောဆိုပေမဲ့ ပြီးခဲ့တဲ့လက ကရင်မလင်ကို သွားပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံမှုကို အမေရိကန်က ဒေါသထွက်နေတာပါ။
အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရအောင် ပါကစ္စတန်က အများကြီး အကူညီပေးထားတယ်လို့ ဘိုင်ဒင်အစိုးရက ယုံကြည်နေတာပါ။
တရုတ်အစိုးနဲ့လည်း ဒေါ်လာဘီလီယံ များစွာကုန်ကျတဲ့ စီမံကိန်းတွေ လုပ်နေတာပါ။
ပါကစ္စတန်စစ်တပ် အကြီးအကဲကတော့ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်တိုးမြှင့်သင့်တယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။