ကြံခင်းမြို့နယ်က NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့် အဖမ်းခံရ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာရှိတဲ့ NLD ပါတီရဲ့ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်ကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဧပြီ ၉ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
NUG၊ CRPH နဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး ဖမ်းဝရမ်းထုတ်ခံရတာကြောင့် ရှောင်တိမ်းနေပေမယ့် ကျန်းမာရေး မကောင်းလို့ ဆေးခန်းလာပြချိန်မှာ စစ်ကောင်စီတပ်သားတွေ စောင့်ဖမ်းတာကို ခံလိုက်ရတာလို့ နီးစပ်သူတွေ ကပြောပါတယ်။
“ရှောင်နေတာကြာပြီ ဂျိုကုန်းရွာမှာ။ နေမကောင်းလို့ ဆေးခန်းလာပြတာကို ဒလန်ကဖုန်းဆက်လိုက်တော့ စစ်ခွေးတွေက အိမ်စီးကားနဲ့ရောက်လာပြီး ဖမ်းသွားတာ။ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး” လို့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးတာခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်ဟာ အသက် ၆၄ နှစ်အရွယ်ရှိပြီး ရောဂါအခံရှိကာ ကျန်းမာရေးမကောင်းတဲ့သူဖြစ်တာကြောင့် ဆေးကုသခွင့်မရမှာကို စိတ်ပူနေရတယ်လို့ ဆိုပါတယ်။
ဦးစိုးမြင့်ဟာ NLD ပါတီစတင်တည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ၈၈ ခုနှစ်မှာ လူငယ်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ခဲ့သူလို့ သိရပါတယ်။