close

ပုသိမ်မြို့ခံ အလွတ်တန်းဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့် ထောင် ၂ နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အလွတ်တန်းဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့်ကို စစ်ကောင်စီက ဧပြီလပထမပတ်ထဲမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဦးဆန်းမြင့်ကို ၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့က အမှတ် ၆ ရပ်ကွက်က ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတဲ့အချိန် စစ်ကောင်စီတပ်သားတွေက အိမ်စီးကားနဲ့ ဖမ်းခေါ်သွားပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲကာ ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

“ထောင်တွင်းတရားရုံးမှာပဲ ရုံးထုတ်တာ၊ အဲဒီနေ့က အားလုံး ၁၆ ယောက် ရုံးထုတ်တာ၊ အားလုံး ၂ နှစ်စီ အမိန့်ချလိုက်တာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့်ဟာ ပုသိမ်မြို့မှာ ပြုလုပ်တဲ့ ပွဲမှန်သမျှ ဓာတ်ပုံလိုက်ရိုက်ပြီး သူရဲ့လူမှုကွန်ရက်ပေါ် ပြန်တင်သလို သတင်းမီဒီယာသမားတွေကိုလည်း ပြန်မျှဝေပေးလေ့ရှိတာကြောင့် ခုလိုမျိုး ဖမ်းဆီးထောင်ချတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ မတ်လ ၂၃ ရက်နေ့က သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို စစ်ကောင်စီက ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ သတင်းသမား ၇ ယောက်ရှိကာ အဲဒီထဲက ၂ ဦး ပြန်လည်လွတ်မြောက်ပြီး ၂ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံရသလို ၃ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up