ခန္တီးမြို့နယ်၌ SNA ရှမ်းနီလက်နက်ကိုင်တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ မိုင်းနောင်ကျေးရွာမှာ SNA ရှမ်းနီလက်နက်ကိုင်တပ်နဲ့ စစ်ကောင်စီတပ်တွေ ဧပြီ ၁၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာ ရှမ်းနီလက်နက်ကိုင်ဘက်က ၂ ယောက်သေဆုံးပြီး စခန်းလည်းသိမ်းခံခဲ့ရတယ်လို့ SNA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"မနေ့က မနက် ၃ နာရီလောက်မှာ ခန္တီးမြို့နယ်မိုင်းနောင်ရွာမှာရှိတဲ့ SNA ရှမ်းနီလက်နက်ကိုင် စခန်းငယ်တခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ SNA ရှမ်းနီလက်နက်ကိုင်ဘက်က ၂ ယောက်ကျသွားတယ်၊ စခန်းလည်းသိမ်းသွားတယ်၊ လက်နက်လည်း ပါသွားတယ်။”
SNA ရှမ်းနီလက်နက်ကိုင်ဟာ ခန္တီးမြို့နယ်အတွင်းမှာ တပ်သားစုဆောင်းတာနဲ့ ဆက်ကြေး တောင်းခံမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ရှမ်းနီတပ်ဘက်ကိုတော့ ဒီကိစ္စမေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
ရှမ်းနီလူငယ်တဦးက “ခန္တီးမြို့နယ်ရှမ်းရွာတွေမှာ SNA ရှမ်းနီက တရွာ လူ ၅ ယောက်ပေးရမယ်လို့ တောင်းတာတွေရှိတယ်။ သူတို့က စစ်ကောင်စီကို တိုက်နေတာ မဟုတ်ဘူး။ စစ်ကောင်စီကို တိုက်လို့ပေးရရင်အကြောင်းမဟုတ်ဘူး။ အခုဘယ်သူဘက်မှမပါဘဲ ဆက်ကြေးတောင်းတာတွေပဲ လုပ်နေတယ်” လို့ ပြောပါတယ်။
ခန္တီးမြို့ပေါ်မှာ ဧပြီ ၈ ရက်က SNA ရှမ်းနီလက်နက်ကိုင်တွေဟာ မြို့ပေါ်က လုပ်ငန်းရှင် ၅ ဦးကို ဆက်ကြေးတောင်းခံခဲ့တယ်လို့လည်း ဆိုပါတယ်။
ခန္တီးမြို့နယ်မှာ ၂၀၂၁ ခုနှစ်က SNA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ အခုပထမဆုံးအကြိမ်တိုက်ပွား ဖြစ်ပွားခဲ့တာပါ။