close

မန္တလေးသင်္ကြန်ပွဲ အလှပြလှည်းယာဉ်များကို ချီးမြှင့်ခဲ့သည့်ဆုငွေများ ပြန်တောင်းခံရ

စစ်ကောင်စီ ဦးဆောင်ကျင်းပခဲ့တဲ့ မန္တလေးမြို့ သင်္ကြန်ပွဲတော်မှာ ပါဝင်အလှပြခဲ့တဲ့ လှည်းယာဉ်တွေအတွက် ဆုချငွေတွေကို နောက်တရက်မှာပဲ ပြန်တောင်းခံခဲ့ရတယ်လို့ မန္တလေးစည်ပင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

လှည်းယာဉ်တွေအတွက် အစမ်းလေ့ကျင့်တဲ့နေ့နဲ့ အကြိုနေ့အတွက် နေ့တွက်ခကိုတော့ ပေးချေပြီး အတက်နေ့ညက စည်ပင်ရုံးရှေ့ ဗဟိုမဏ္ဍပ် ဆုချီးမြှင့်ပွဲမှာ ပေးခဲ့တဲ့ ဆုငွေတွေကို ပြန်တောင်းတာလို့ သိရပါတယ်။

စည်ပင် ဝန်ထမ်းတဦးက “အဲ့ဒါ TV ရိုက်နေတာမို့ ဟန်ပြပေးလိုက်တာတဲ့၊ အဲ့ပိုက်ဆံက ဌာနကငွေတွေတဲ့၊ အခု ပိုက်ဆံရှင်းစရာမရှိလို့ ပြန်လာပို့လှည့်ပါဆို ပြန်တောင်းတာနဲ့ ပြန်ပေးလိုက်ရတာတဲ့” လို့ ပြောပါတယ်။

သင်္ကြန်မှာ ပြသဖို့ လှည်းယာဉ်တွေ၊ ငှက်လှေတွေနဲ့ ယိမ်းအဖွဲ့တွေလည်း ပါဝင်ခဲ့ပြီး အဲဒီထဲကနေ ရွေးချယ်ကာ ဆုတွေချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ 

လှည်းယာဉ်တွေဆီ ဆုချီးမြှင့်ငွေတွေကို နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်တောင်းခဲ့တာလို့ သိရပါတယ်။ တခြားအဖွဲ့တွေဆီက ပြန်တောင်းခြင်းရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အလှပြလှည်းယာဉ်တွေထဲက ပထမဆုကို အမရပုရမြို့နယ်ကိုယ်စားပြု လှည်းယာဉ်အဖွဲ့ကရရှိပြီး ဆုငွေ ကျပ်သိန်းငါးဆယ်၊ ဒုတိယဆုကို အောင်မြေသာစံ မြို့နယ်ကိုယ်စားပြုအဖွဲ့ကရရှိပြီး ဆုငွေ လေးဆယ့်ငါးသိန်းကျပ်၊ တတိယဆုကို ပုသိမ်ကြီးမြို့နယ် ကိုယ်စားပြုအဖွဲ့ကရရှိပြီး ကျပ်သိန်းလေးဆယ်စီ ပေးအပ်ခဲ့တာလို့ သိရပါတယ်။ 

ဒီဆုငွေတွေကို စစ်ကောင်စီခန့် ဝန်ကြီးချုပ် မောင်ကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ‌ဗိုလ်မှူး ကျော်ကျော်မင်း၊ စစ်ကောင်စီခန့် မြို့တော်ဝန် ကျော်ဆန်းတို့က ပေးအပ်ခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up