စစ်ကောင်စီတပ်သား ၁ ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်

ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားတဦးဟာ လက်နက်အပြည့်စုံနဲ့ ပြည်သူ့ဘက်တော်သားအဖြစ် CNO/CNDF ဆီ ပြီးခဲ့တဲ့ရက်ပိုင်းက အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
အလင်းဝင်လာသူ စစ်ကောင်စီတပ်သားဟာ ခလရ ၂၆၈ တပ်ရင်းက တပ်သား ထက်မြတ်အောင် ကိုယ်ပိုင်အမှတ် တ-၅၇၂၅၅၇ ဖြစ်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
“သူပြောပုံအရ တပ်တွင်း ကြီးနိုင်ငယ်ညှဉ်းဖိနှိပ်မှုတွေနဲ့ လူထုအပေါ် မတရားဖမ်းဆီး သတ်ဖြတ်တာတွေကို အမြဲမြင်တွေ့နေရလို့ မခံချင်တာနဲ့ အခုလို ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက်အလင်းဝင်လာတာလို့ ပြောပါတယ်။ ကျနော်တို့ အစစအရာရာ စောင့်ရှောက်မှု အပြည့်ပေးထားပါတယ်” လို့ CNDF တာဝန်ရှိသူတဦးက ပြောပါတယ်။
အလင်းဝင်လာရာမှာ လက်နက်ပြည့်စုံပါရှိပြီး MA 1 သေနတ် ၁ လက်၊ ကျည်ကတ် ၄ ကတ်၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ကျည် ၈၅ တောင့်ပါဝင်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာသူ တပ်သားကိုတော့ ဆုကြေးငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပြီး စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းကလည်း စစ်ကောင်စီရဲ့ ခလရ ၂၆၈ မှ တပ်သား ဇင်လင်းအောင်ဆိုသူလည်း လက်နက်အပြည့်စုံနဲ့အတူ CNO/CNDf ဆီ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။