close

ထီးလင်း ကျဉ်းရွာရဲစခန်းကို PDF သိမ်းပိုက်၊ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း ထီးလင်းမြို့နယ်က ကျဉ်းရွာရဲစခန်းကို ဧပြီ ၁၇ ရက်နေ့ မနက်အစောပိုင်းမှာ PDF ထီးလင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူနဲ့အတူ CDM လုပ်ပြီး ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုခဲ့ရာ ရဲဝန်ထမ်းအားလုံး လိုက်နာခဲ့ကြပေမဲ့ ကျဉ်းရွာရဲစခန်း စခန်းမှူးက လက်မခံဘဲ စစ်ကောင်စီထံ ဖုန်းဆက်တိုင်ကြားခဲ့တာကြောင့် ပစ်ခတ်ခဲ့ရာမှာ စခန်းမှူး ကျဆုံးသွားတယ်လို့ ထီးလင်း PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“စခန်းမှာ ရဲအင်အား ၂၀ ကျော်ရှိတာ ကျန်တဲ့လက်အောက်ငယ်သားတွေက ညှိနှိုင်းလို့ရတယ်၊ စခန်းမှူးက ညှိနှိုင်းလို့မရတာကြောင့် ပစ်ခတ်ခဲ့ရတာ။” 

စခန်းမှူးရဲ့ ဖုန်းဆက်တိုင်ကြားမှုကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်နက်နဲ့တကွ CDM ပြုလုပ်ပြီး ပူးပေါင်းပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်ကို PDF ထီးလင်းတပ်ဖွဲ့က လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

ယောနယ်အတွင်းမှာ ပထမဆုံးရဲစခန်းကို သိမ်ပိုက်နိုင်ခဲ့တာဖြစ်ပြီး ရဲစခန်းရှိတဲ့ ကျေးရွာတွေကို ထပ်မံထိန်းချုပ်သိမ်းပိုက်နိုင်ဖို့လည်း ကြိုစားဆောင်ရွက်နေတယ်လို့ ထီးလင်း PDF က ထုတ်ပြန်ပါတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၇၄ ရွာရှိပြီး ၇၀ ကျော်ကို ထိန်းချုပ်နိုင်ပြီးလို့ YDF ထီးလင်း တာဝန်ခံ သခင်ဇော်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

ကျဉ်းရွာရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up