close

ရန်ကုန်မြို့ရှိ ဓာတ်ဆီဆိုင်အချို့တွင် ဆက်လက်တန်းစီ ဝယ်ယူနေ

စက်သုံးဆီ အရောင်းဆိုင်တွေက လိုသလောက် ရောင်းပေးမယ်လို့ ကြေညာထားပေမဲ့ ရန်ကုန်မြို့က ဓာတ်ဆီဆိုင်တချို့မှာတော့ ပြည်သူတွေ ဆက်လက်တန်းစီကာ တိုးဝှေ့ဝယ်ယူနေရဆဲ ဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ဧပြီ ၁၉ ရက်က စတင်ပြီး စက်သုံးဆီတွေကို အကန့်အသတ်နဲ့ ရောင်းချခဲ့တာကြောင့် ရန်ကုန်က မော်တော်ယာဉ်တွေ စက်သုံးဆီပြတ်လပ်မှာ စိုးရိမ်တဲ့အတွက် မိုးမလင်းခင်ကတည်းက တန်းစီ ဝယ်ယူခဲ့ကြတာပါ။

ဧပြီ ၂၀ ရက်မှာတော့ စက်သုံးဆီကို လိုသလောက် ရောင်းပေးမယ်လို့ ဆီဆိုင်အသီးသီးက ကြေညာခဲ့ပေမဲ့ ရန်ကုန်က မော်တော်ယာဉ်တွေကတော့ ဆက်လက်တန်းစီကာ ဝယ်ယူနေကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မှာ DENKO ဆီဆိုင်၊ MAX ဆီဆိုင်၊ 360 Petro ဆီဆိုင်တွေမှာ ဒီနေ့အထိ မော်တော်ယာဉ်တွေ တန်းစီဝယ်ယူနေတာကြောင့် ကားလမ်းပိတ်ဆို့တာတွေလည်း ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေက ဖွင့်လှစ်ရောင်းချနေပေမဲ့ စစ်တပ်ပိုင်တဲ့ မြဝတီ စက်သုံးဆီဆိုင်တွေကတော့ ပိတ်ထားတယ်လို့ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။

သီလဝါ ဆီသိုလှောင်စခန်းတွေ အပါအဝင် ပြည်တွင်းက ဓာတ်ဆီ၊ ဒီဇယ် ဂါလန် သန်း ၁၁၀ ကျော် ရှိနေသေးတာကြောင့် စက်သုံးဆီပြတ်လပ်ဖို့ မရှိဘူးလို့ စစ်ကောင်စီကလည်း ကြေညာထားပါတယ်။

လက်ရှိမှာ ဆိပ်ကမ်းကို ရောက်ရှိနေပြီး ရုံးပိတ်ရက်တွေကြောင့် ဆီမချရသေးတဲ့ ဆီတင်သင်္ဘော ၂ စီး ရှိနေသေးလို့ စက်သုံးဆီအတွက် စိုးရိမ်စရာမလိုဘူးလို့ စစ်ကောင်စီက အာမခံထားပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up