ဖားကန့်တွင် တရက် လောင်စာဆီ ဒီဇယ်ဂါလန်ပေါင်း သိန်းချီသုံးပြီး တရားမဝင်ကျောက်စိမ်းတူးနေ


မြန်မာပြည်တွင်း မြို့အတော်များများမှာ လောင်စာဆီ ဈေးတက်၊ ဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေရချိန် ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာတော့ တရက်ကို လောင်စာဆီ ဂါလန်ပေါင်း သိန်းနဲ့ချီ အသုံးပြုပြီး တရားမဝင်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို နေ့ရောညပါ ၂၄ နာရီ လုပ်ကိုင်နေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေက လောင်စာဆီပြတ်လပ်မှာကို စိုးရိမ်နေကြပေမဲ့ ကျောက်စိမ်းလုပ်ကွက်တွေမှာတော့ တရက်ကို ဒီဇယ်ဂါလံပေါင်းသိန်းနဲ့ချီ အကုန်အကျခံပြီး ကျောက်စိမ်းတူးဖော်နေတာတွေကိုတော့ စစ်ကောင်စီက လျစ်လျူရှုနေတယ်လို့ ဒေသခံတဦးက ထောက်ပြပြောဆိုပါတယ်။
“အပြင်မှာသုံးမယ့် လောင်စာဆီက ဖားကန့်က ကျောက်စိမ်းလုပ်ကွက် ရောက်ကုန်တာလို့ ပြောလို့ရတယ်။ လောင်စာဆီတော်တော်များများက ငွေရှိတဲ့ လုပ်ငန်းရှင်တွေက လက်ဝါးကြီးအုပ် ဝယ်ပြီး လှောင်ထားတာလေ ။ ဆီဈေးတက်တာ ဘာဆန်းမှာလဲ။”
ဖားကန့်ကျောက်စိမ်းတွင်းဒေသရှိ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စက်ယန္တရားတွေနဲ့ နေ့ရောညပါ ၂၄ နာရီလုံးတူးဖော်လုပ်ကိုင်နေရာမှာ တရက်ကို ဒီဇယ်ပေပါပေါင်း နှစ်ထောင်( ဂါလန် ပေါင်းတသိန်း) နီးပါးအသုံးပြုနေရတယ်လို့ အမည်မဖော်လိုသူလုပ်ငန်းရှင် တဦးက တွက်ချက်ပြပါတယ်။
“ကျနော်တို့ ရှယ်ယာဆိုက် ငါးဆိုက်တင်ပဲ တရက်ကို ဆီပေပါ အလုံး ၁၅၀ လောက်ကုန်တာဗျာ၊ မြန်မာတကောင်းလို၊ တစ်သုံးလုံးလို၊ KNDPC လို နေမင်းကမ္ဘာလို ကုမ္ပဏီဆိုက်ကြီးတွေကတော့ အနည်းဆုံး ပေပါ လေးငါးရာပတ်ချာလည်တော့ သုံးရမှာပဲ။”
စစ်ကောင်စီဟာ အခုလို လုပ်ငန်းရှင်တွေ လောင်စာဆီတွေကို အများအပြားဝယ်ယူ သိုလှောင်ထားတာကို အရေးမယူသလို၊ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေကိုလည်း ထိရောက်အောင် အရေးမယူနိုင်ဘူးလို့လည်း ဆိုပါတယ်။
“စစ်ကောင်စီက ခရိုနီတွေ လုပ်ငန်းရှင်တွေ ဘာလုပ်လုပ် အရေးမယူနိုင်ဘူး။ ကျောက်စိမ်းတွေ နေ့ရောညရော ၂၄ နာရီတူးနေလည်း ဘာတခုမှ အရေးမယူနိုင်ဘူး။ ဒါတွေက တိုင်းပြညကို မအုပ်ချုပ်နိုင်ဘူးဆိုတာ သက်သေပြနေတာ” လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ မနေ့က ဒီဇယ်တပေကို ကျပ် ၄၈၀၀၀ ကနေ ၆၃၀၀၀ အထိ မြင့်တက်သွားပြီး ဆိုင်တချို့လည်း ပိတ်ထားခဲ့ရကာ ဒီကနေ့မှာတော့ စက်သုံးဆီဆိုင်တချို့ ပြန်ဖွင့်လှစ်ရောင်းချနေပေမဲ့ လောင်စာဆီဈေးတွေကတော့ တက်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။