close

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃၆၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ၁ ရက်အတွင်းမှာ ၃၆၈ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ထိုင်းအနောက်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်မှာ ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီမှ ဧပြီ ၂၅ မွန်းလွဲ ၁ နာရီအတွင်း တရားမဝင်မြန်မာ ၂၁၈ ဦး ဖမ်းဆီးရမိကြောင်း၊ အမျိုးသား ၁၂၅ ဦး အမျိုးသမီး ၉၃ ပါဝင်ပြီး ပရကျူပ်ခီရီခန်မြို့နယ် ကော်လတ်၊ အောဝ်နွဲ့၊ ဟွေ့ဆိုင်း၊ ခလောင်းဝပ် စတဲ့အုပ်စုထဲက နေရာပေါင်း ၅ ခုမှာ ဖမ်းမိကာ  ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး နဲ့ စိတ်ကြွဆေးပြား ၁၁၂ လုံးတို့ကိုပါ ဖမ်းမိတယ်လို့ ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ရာ့ချ်ပူရီခရိုင် ဆွန်ဖိန့်မြို့နယ်ထဲမှာလည်း မနေ့ မွန်းလွဲ ၂ နာရီအချိန်က တရားမဝင်မြန်မာ အမျိုးသား ၁၈ ယောက် အမျိုးသမီး၂၂ ယောက် စုစုပေါင်း အယောက် ၄၀ ကို ဖမ်းမိတယ်လို့ ဆိုပါတယ်။ 

ကန်ကျနပူရီခရိုင်မှာတော့ မနေ့ ညနေ ၄ နာရီမှ ဒီမနက် ၄ နာရီထိ ထောင်းဖာဖူးမြို့နယ် ထာ့ခနွန်အုပ်စု၊ ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စု၊ တန်မခန်တေ့မြို့နယ်နဲ့ ဆိုင်းယုတ်မြို့နယ် စတဲ့နေရာ ၅ ခုကနေ တရားမဝင် ဝင်လာသူ အမျိုးသား ၄၅ ယောက် အမျိုးသမီး ၂၇ ယောက်  စုစုပေါင်း ၇၂ ယောက်  ဖမ်းမိခဲ့ပါတယ်။ 

သူတို့တွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်စတဲ့ဒေသကဖြစ်ပြီး စမွတ်စခွန်း၊ လယောင်း၊ ကန်ကျနပူရီနဲ့ ဘန်ကောက်မှာအလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ယောက် ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ထိပေးပြီး ဝင်ရောက်လာတာလို့ ဆိုပါတယ် ။ 

တာ့ခ်ခရိုင် ဝမ်ကျောက်မြို့နယ်ထဲမှာလည်း နယ်မြေထဲမှာ တရားမဝင် ဝင်ရောက်မှုတွေရှိမယ်လို့ ကြိုတင်သတင်းရထားချက်အရ ဒုမြို့နယ်မှူး၊ စစ်တပ်နဲ့ ရဲတွေပါတဲ့အဖွဲ့က နယ်မြေထဲ လုံခြုံရေး လိုက်လံစစ်ဆေးစဉ် ကနေ့မနက် ၁ နာရီခွဲလောက်က ချိန်းထောင်းကျေးရွာအုပ်စု တောထဲမှာ မသင်္ကာဖွယ် ရပ်ထားတဲ့ ကား ၃ စီးတွေ့လို့ သွားရောက်စစ်ဆေးရာက ကားပေါ်မှာ တရားမဝင် ဝင်ရောက်လာသူ စုစုပေါင်း ၃၈ ယောက် တွေ့ရကြောင်း၊ ကားသမားနဲ့ လမ်းပြကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

သူတို့တွေဟာ ထိုင်းမှာ အလုပ်လာလုပ်ဖို့  သောင်ရင်းမြစ်ကို ကူးဖြတ်ပြီး တောတောင်ထဲမှာ ၂ ရက်တာ ခြေလျင်လျှောက်ခဲ့ရကြောင်း၊ ပွဲစားကိုလည်း ၁ ဦးလျှင် ဘတ် ၃၀,၀၀၀ စီပေးခဲ့ကာမှ ခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up