လေယာဉ်ဖြင့်ကြဲချသည့် စစ်ကောင်စီတပ် ရိက္ခာထုပ်များ KNLA သိမ်းဆည်းရရှိ

စစ်ကောင်စီတပ်က ရှေ့တန်းတပ်စခန်းတွေအတွက် ရိက္ခာထုပ်တွေကို လေယာဉ်နဲ့ လာရောက်ကြဲချရာမှာ အားလုံးနီးပါးကို သိမ်းဆည်းရယူနိုင်ခဲ့တယ်လို့ ကေအန်ယူ-မူတြော် သတင်းစဉ်က ထုတ်ပြန်ပါတယ်။
ဧပြီ ၂၅ ရက် ဒီညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီ လေယာဉ် တစီးဟာ မယ်ဝေ(မဲဝိုင်) အခြေစိုက်တပ်စခန်းတွေအတွက် ရိက္ခာထုပ် ၅ ထုပ် ပထမအကြိမ်လာရောက်ကြဲချပြီး ၄ နာရီ ၃၅ မိနစ်မှာ နောက်တကြိမ် ရိက္ခာထုပ် ၆ ထုပ် စုစုပေါင်း ၁၁ ထုပ် ရောက်ကြဲချသွားခဲ့ရာမှာ KNLA အမှတ်(၅) တပ်မဟာလက်အောက်ရှိ တပ်ရင်း(၁၀၂)မှ စစ်သည်တွေက ၉ ထုပ်ကို သိမ်းဆည်းရရှိပြီး ကျန် ၂ ထုပ်ကတော့ ရှာဖွေနေဆဲလို့ဆိုပါတယ်။
လေယာဉ်နဲ့ ရိက္ခာလာကြဲချိန်မှာ ဖာပွန်မြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်က ၁၂၂-မမစိန်ပြောင်းနဲ့ မယ်ဝေဒေသသို့ ခြောက်လှန့် ပစ်ခတ်ခဲတယ်လို့လည်း သိရပါတယ်။
မယ်ဝေအခြေစိုက်စခန်းဟာ ခလရ-၉၇ နဲ့ ခမရ-၄၀၅ တပ်ရင်းတို့ အခြေစိုက် စခန်းထိုင်နေတဲ့ စခန်းဖြစ်ပြီး ကုန်းလမ်းနဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်လာချိန်တိုင်း KNLA တပ်ဖွဲ့တွေ ပိတ်ဆို့တားဆီးမှုတွေကြောင့် စစ်ရဟတ်ယာဉ်တွေနဲ့ ရိက္ခာပို့ဆောင်လာတာ ဖြစ်ပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၄ ကလည်း ကေအန်ယူ တပ်မဟာ ၂ တောင်ငူခရိုင်ထိန်းချုပ်နယ်မြေထဲကနေ စစ်ကောင်စီရဲ့ စစ်စခန်းတွေ ၁၅ ရက်အတွင်း ရုပ်သိမ်းထွက်ခွာဖို့ ဧပြီ ၂၅ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။