မကွေးတိုင်းတွင် တိုက်ပွဲများပြင်းထန်၊ စစ်တပ်၏ ဖမ်းဆီးအကြမ်းဖက်မှုများကြောင့် ရွာသားများ တိမ်းရှောင်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဧပြီ ၂၅ ရက်က အကြည်ဝါးဘင်းကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်နဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။
တိုက်ပွဲဖြစ်စဉ် ၄၅ မိနစ်လောက်ကြာခဲ့ပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနိုင်ပေးမဲ့ YDF ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ YDF တာဝန်ခံ သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
“အကြည်ဝါးဘက်ကနေ အင်အား ၉၀ လောက်နဲ့ထွက်လာတဲ့ သတင်းကြားလို့ ကြားဖြတ်ချုံခိုတိုက်ခဲ့ကြတာ ထိခိုက်ကျဆုံးစာရင်းကိုတော့ မသိနိုင်ခဲ့ဘူး။ သူတို့ဘက်က သေဆုံးဒဏ်ရာရတဲ့ စစ်သားတွေကိုတော့ ထမ်းပိုးသွားကြတယ်လို့ သတင်းရတယ်၊ ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”
ဧပြီ ၂၅ ရက် မွန်းတည့် ၁၂ နာရီလောက်ကလည်း ကိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ နဂါးနီအဖွဲ့၊ မြိုင်တပ်ခွဲ ၂၊ KG အဖွဲ့၊ PKU မြို့ပြပြောက်ကျားအဖွဲ့နဲ့ ပခုက္ကူ PDF တွေ ပူးပေါင်းပြီး လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၇ ယောက်လောက် ထိခိုက်သေဆုံးနိုင်တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပေါက်မြို့နယ်မှာတော့ ဧပြီလ ၂၅ ရက် မနက်ပိုင်းမှာ PDF-မကွေးနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူရှိနိုင်သလို PDF ရဲဘော် တစ်ယောက် အသက်ပေးလိုက်ရတယ်လို့ PDF-မကွေးကနေသိရပါတယ်။
ပေါက်မြို့နယ်၊ မြင်းချောင်းရွာ အရှေ့ဘက်ထိပ်နားမှာ မနေ့မနက်ပိုင်း ၈နာရီလောက်က စစ်ကောင်စီတပ်တွေကို PDF-မကွေးက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူရှိနိုင်ပြီး PDF ရဲဘော်တယောက် ကျဆုံးခဲ့ရတယ်လို့ PDF-မကွေးရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဗိုလ်Zero ကပြောပါတယ်။
“ပြီးခဲ့တဲ့ရက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းက ဇီးပြားရဲစခန်းကနေ အင်အား ၁၀၀ လောက်နဲ့ မြင်းချောင်းရွာဘက်ကို စစ်ကြောင်းထိုးလာလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ။ သူတို့ဘက်က ဒဏ်ရာရသူရှိနိုင်ပြီး ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်ကျဆုံးခဲ့တယ်၊”
ပြောက်ကျားစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်ပြေးတဲ့ အချိန်မှာ PDF သင်တန်းသားရဲဘော် အသက် ၂၇ နှစ်အရွယ် ကိုချစ်ဆန်းမောင်ရဲ့ နံဘေးကို ကျည်ဆန်ထိမှန်ပြီး အဖမ်းခံရပြီးနောက် ပစ်သတ်ခံရတာလို့လည်း ဗိုလ်Zero ကပြောပါတယ်။
“ကျနော်တို့အဖွဲ့တွေတွေ့တော့ ကိုချစ်ဆန်းမောင်ဟာ ဦးခေါင်းတွေ၊ နားထင်တွေ အပါအဝင် သေနတ်ဒဏ်ရာ ၇ ချက်နဲ့ သေဆုံးနေတာတွေ့ရတယ်။”
စစ်ကောင်စီတပ်တွေဟာ မြင်းချောင်းရွာ၊ ချောင်ဆုံရွာနဲ့ ညောင်ကိုင်းရွာ စတဲ့ ရွာတွေကိုဝင်လာပြီး ရွာသားတွေကို ချီဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းထားက နေအိမ်တွေကို ဝင်မွှေပြီး အဖိုးတန်ပစ္စည်းတွေနဲ ငွေကြေးတွေကို ယူဆောင်သွားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
မြင်းချောင်းရွာသားတစ်ယောက်က“ မနက်ပိုင်းမှာ ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ ကြားတာနဲ့ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်ဗျ။ သူတို့ပြန်သွားတော့ ရွာထဲကနေအိမ်တွေ ဝင်မွှေခံထားရပြီး အဖိုးတန် ရွှေငွေတွေနဲ့ ပစ္စည်းတွေ ကိုယူဆောင်သွားကြတယ်”လို့ ပြောပါတယ်။
အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး သူတို့အခြေစိုက်တဲ့ ပေါက် ကပစထဲကို ညနေ ၃ နာရီကျော်လောက်မှာပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၁) ရပ်ကွက်က ကျောင်းဆရာ (အငြိမ်းစား) ဦးစိန်ဌေးကို ဧပြီ ၂၄ ရက်ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေ လာရောက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မဟုတ်မမှန်သတင်းရေးသားဖြန့်ဝေတယ်ဆိုကာ စွပ်စွဲ ဖမ်းဆီးသွားကြတာလို့ ကမ္မမြို့ ဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။
“ဆရာက အိမ်မှာပဲ အေးအေးဆေးဆေးနေတာဗျ။ စစ်အုပ်စုတွေနဲ့ ပျူစောထီးတွေက မတရားဖမ်းဆီးကြတာ။ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဘယ်သူမဆို ကြိုက်နှစ်သက်ရာကို ရေးကြ Share ကြတာပဲ။ သူတို့လည်း တဖက်သတ်ရေးနေကြတာပဲ။ ပြည်သူကို တမင်သက်သက် အနိုင်ကျင့်ဖမ်းဆီးကြတာ။”
ဒါ့အပြင် ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက်က ကိုထက်ခေါင်ဝင်းကိုလည်း ဧပြီ ၂၃ ရက် ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ သူ့ရဲ့နေအိမ်ကို လာရောက်ပြီး မမှန်သတင်း ဖြန့်ဝေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပြောပါတယ်။
ရေစကြိုမြို့နယ် ဘုန်းတော်ပြည့်ရွာက ကိုဝေဖြိုးသန့် (ခ) ဝေယံဖြိုးကိုလည်း မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေပူးပေါင်းပြီး ရေစကြိုမြို့ စည်ပင်ပန်းခြံနားမှာ စစ်ဆေးပြီး ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ သူငယ်ချင်းတယောက်က ပြောပါတယ်။
“ရေစကြိုမြို့ ပန်းခြံနားမှာ စစ်ကောင်စီတပ်တွေ ရဲတွေ နဲ့ ပူးပေါင်းအဖွဲ့က လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေ ကားတွေကို ပိတ်ဆို့စစ်ဆေးကြတာဗျ။ဖုန်းထဲမှာ စစ်အုပ်စုကို ငြိစွန်းတဲ့ဟာတွေ တွေ့လို့ အဖမ်းခံရတယ်လို ထင်တယ်။”
မြိုင်-ပခုက္ကူကားလမ်းမှာလည်း မနေ့က မွန်းလွဲ ၁ နာရီလောက်က ကြည့်ကန်ရွာဘက်ကနေ ပခုက္ကူဘက်ကို ကိုလှမြင့်အောင်နဲ့ မနွယ်နီအောင်တို့ မောင်းလာတဲ့ အိမ်စီးကားကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးပြီး ဖမ်းဆီးသွားကြတယ်လို့ မြိုင်မြို့ခံတယောက်က ပြောပါတယ်။
“မနေ့က ကျနော်တို့ သိရသလောက်တော့ ကားကော လူရော မြိုင်မြို့မရဲစခန်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်ဗျ။ အဲဒီဂိတ်က အရင်ကဆိုရင် PDF တွေ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးများပြားတဲ့ ဂိတ်ပါ။ အခုရက်ပိုင်းမှာ ခရီးသွားပြည်သူတွေ ဒုက္ခရောက်အောင် ထပ်မံသောင်ကျန်းနေကြပြန်ပြီ။”
ပခုက္ကူနဲ့ မြိုင်ကြားက ကင်းစံပြကျေးရွာနဲ့ အင်ပင်ကျေးရွာက လူငယ်တွေကို စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်က စတင်ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ၁၀ ယောက် အဖမ်းခံခဲ့ရပြီး ၃ ယောက် ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စနေနေ့လောက်ကတည်းက အဖမ်းခံရတာ၊ လူငယ် ၃ ယောက်ပြန်လွတ်တာက နိုင်ငံရေးနဲ့ မပတ်သက် မဆက်နွှယ်လို့ပါ။ အယောက် ၂၀ ဖမ်းမှာဆိုပြီး သတင်းရလို့ လူငယ်တွေရှောင်နေကြရတာပါ” လို့ ကင်းရွာကဒေသခံက ပြောပါတယ်။
ဧပြီ ၂၂ ရက်ကလည်း ဂန့်ဂေါနယ် မင်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ထီးလင်း PDF တပ်ဖွဲ့က ပဒေသာမိုင်း တိုက်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် ကျဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကောင်စီတပ်ဟာ ဂန့်ဂေါနယ်နဲ့ ထီးလင်းနယ်ဘက် ထိုးစစ်ဆင်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ ထီးလင်း-ဂန့်ဂေါလမ်းပိုင်းကို အသုံးမပြုကြဖို့ကို YDF ထီးလင်းက အသိပေးထုတ်ပြန်ထားပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလို PDF တပ်ဖွဲ့တွေရဲ့ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခံနေကြရလို့ လမ်းဆုံးလမ်းခွ၊ မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေဖမ်ဆီးနေသလို ဆိုင်ကယ်စီးတဲ့ အမျိုးသားနှစ်ယောက်ကို ပစ်ခတ်ဖမ်းဆီးတဲ့အတွက် သေဆုံး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။