ပေါက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ရွာသား ၂ ဦးကို ပစ်သတ်ပြီး ၅ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီး

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် တပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ညောင်ရင်းကျေးရွာက ပြည်သူ ၂ ယောက်ကို ပစ်သတ်ကာ ရွာသား ၅ ယောက်ကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းဆီးသွားတယ်လို့ PDF-မကွေးနဲ့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ကျွန်းတိုင်းမှာ ထိုင်နေတဲ့အချိန် ဧပြီ ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဇီးပြားရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီနောက် စသိမ်းရွာ ဆုတောင်းပြည့်ဘုရားမှာ နားနေတဲ့ အချိန် စစ်ကောင်စီက ပစ်ခတ်လို့ တစ်နာရီနီးပါးလောက်တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်က ၁ ယောက်သေဆုံးပြီး ၁ ယောက် အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ PDF-မကွေးက တာဝန်ရှိသူ ဗိုလ် Zero က ဒီဗွီဘီ ကို ပြောပါတယ်။
“အပြန်အလှန်ပစ်ခတ်ကြပြီး သူတို့ဘက်က လက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို ကျနော်တို့ ဘက်ကလည်း လက်လုပ် ၆၀ မမတွေနဲ့ ပစ်ခတ်ခဲ့တာ၊ စနိုက်ပါသမား လက်ချက်နဲ့ စစ်ကောင်စီဘက်က နှစ်ယောက်ထိမှန်ကာ တစ်ယောက်အပြင်းထန်ဒဏ်ရာရပြီး ညောင်ရင်းရွာ ဘက်ကို ဆုတ်ခွာသွားကြတယ်” လို့ ပြောပါတယ်။
PDF-မကွေးဘက်က ၆၀မမ နဲ့ ပြန်လည်ပစ်ခတ်ရာမှာ မတော်တဆ ပြောင်းထဲမှာ ကွဲသွားတာကြောင့် ရဲဘော် ၁ ဦး ခြေထောက် နှစ်ဖက်စလုံး အပြင်းအထန်ထိခိုက်ပြီး မျက်နှာမေးရိုးတွေဒဏ်ရာရရှိကာ အခြေနေစိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ကျရောက်တာကြောင့် ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တယောက် လက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ PDF-မကွေး၊ မြိုင် PDF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပေါက်၊ ပေါက်မြို့နယ် တိမ်လွှာအဖွဲ့နဲ့ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခဲ့ကြတာလို့ သိရပါတယ်။
ဧပြီ ၂၃ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာလည်း ညောင်ရင်းကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ဦးဝင်းဦး နဲ့ ဦးကျော်မင်းလွင်တို့ကို သေနတ်နဲ့ ပစ်သတ်သွားပြီး ဘုန်းကြီးကျောင်းမှာနေတဲ့ ပြည်သူ ၅ ယောက်ကိုလည်း လူသားဒိုင်းအသုံးပြုဖို့ ဖမ်းခေါ်သွားကြတယ်လို့ ညောင်ရင်းရွာခံတဦးက ပြောပါတယ်။
“ပြည်သူတဦးကို ရွာထဲကလမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်တာ၊ တဦးကိုတော့ ဘုန်းကြီးကျောင်းအရှေ့ဘက်မှာ ပစ်သတ်သွားတာဗျ။ ပြည်သူလူထုတွေ ရွာမှာ အေးအေးချမ်းချမ်းနေထိုင်နေတာကို စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး ညောင်ရမ်းရွာကို ပထမဦးဆုံးအကြိမ် စစ်ကြောင်းထိုးခံရတာ။”
ညောင်ရင်းကျေးရွာမှာ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိပြီး ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာ လျှိုမြောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကာ ဖြစ်သလို နေထိုင်နေကြရပြီး ဒီနေ့အချိန်ထိ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ ပြောပါတယ်။
“သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါတော့ ပြေးရလွှားရတာ အရမ်းဒုက္ခများတယ်။ သွေးတိုးရောဂါ သမားတွေဆိုလည်း ကြောက်လန့်နေကြတယ်။ တောထဲတွေမှာ နေဖို့ထိုင်ဖို့၊ အိပ်ဖို့နဲ့ စားဝတ်နေရေးကအစ ကြိုတင်စီစဥ်ထားတာမရှိတော့ အခက်ခဲဖြစ်ကြရတယ်” ညောင်ရင်းရွာခံက ပြောပါတယ်။
ပေါက်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်လောက်ကလည်း ဒီးဒုတ်ကွင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို YRF နဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်တိုက်ခိုက်ခဲ့ကြပြီး ၁ နာရီနီးပါးလောက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြတယ်လို့ YRF ရဲ့ သတင်းန့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ပေါက်မြို့နဲ့ ရေပြာဘက်ကနေ ကား ၂ စီးနဲ့ စစ်ကူလိုက်လာလို့ ပေါက်ဘက်က လာတဲ့ စစ်ကောင်စီကားတစီးကို လမ်းကနေစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိကာ ထိခိုက်သေဆုံးတဲ့ အခြေနေကို အတိကျသိရှိနိုင်ဖို့ စုံစမ်းနေပြီး ညီနောင်မဟာမိတ်တပ်တွေဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့တပ်ဖွဲ့မှာ တိုက်နိုင်ခိုက်နိုင်တဲ့ လူအင်အားအပြည့်ရှိတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲဖို့ လက်နက်ချင်း အင်အားမမျှတာကြောင့် ပြောက်ကျားနည်းစနစ်နဲ့ပဲ တိုက်ပွဲဝင်နေကြရတယ်။ ဒါကြောင့်မို့ မိဘပြည်သူတွေအနေနဲ့ လူငယ်တော်လှန်ရေးတပ်ဦး YRF ကို တတ်နိုင်သရွေ့ ထောက်ပံ့ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာလည်း တောင်ဘက်ကျေးရွာကို ဒုတိယအကြိမ်ဝင်ရောက်မီးရှို့လို့ နေအိမ် ၈ လုံးလောက်မီးလောင်ကျွမ်းခဲ့တယ်လို့ တောင်ဘက်ရွာ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကလည်း နေအိမ် ၁၀ လုံးလောက် မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီတပ်တွေက ရွာကနေ နှင်ထုတ်လို့ ဘေးပတ်ဝန်ကျင်ကျေးရွာတွေက ဆွေမျိုးနီးစပ်တွေဆီမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။