close

မေဒေးနေ့တွင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ လမ်းလျှောက်ချီတက်

မေလ ၁ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) မှာ ထိုင်းရောက်အလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေးရရှိရေး ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံလုံးဆိုင်ရာ သွေးစည်းညီညွတ်ရေး သမဂ္ဂအဖွဲ့ချုပ် TLSC/ SERC နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် MWRN အဖွဲ့တို့ ပူးပေါင်းပြီး ထိုင်းအစိုးရအိမ်တော်မှာ ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီးနဲ့ တွေ့ဆုံကာ အလုပ်သမားအခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တွေ ပေးပို့ခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN မှ ဦးအောင်ကျော်က ပြောပါတယ်။

လူဦးရေ ၁၀၀၀ ကျော်ဟာ မေလ ၁ ရက် မနက် ၈ နာရီလောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီကျောက်တိုင်မှာ စုဝေးပြီး လမ်းလျှောက် ချီတက်ခဲ့ကြတာပါ။

“မတောင်းပဲနဲ့လည်း ဘာတခုမှ အခွင့်အရေး မတိုးတက်တဲ့အတွက်တောင်းဆိုတာပါ။ တနေ့လုပ်အားခ ဘတ် ၃၀၀ ကျော် ကနေ ဘတ် ၄၀၀ ကျော်ရရှိရေးနဲ့ အမျိုးသမီး အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ မီးဖွားခွင့် နားရက် ရက် ၉၀ ရရှိပေမဲ့ လုံလောက်မှု မရှိတဲ့အတွက် ရက် ၁၈၀ အထိ တိုးမြှင့်ပေးဖို့နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင် စာရွက်စာတမ်းတွေ ပြုလုပ်တဲ့ ခါမှာ ကုန်ကျစရိတ်တွေ အဆမတန် များပြားနေတာကြောင့် သေချာစိစစ်ပြီး ဖြေလျှော့ပေးဖို့ အပါအဝင် တခြားတောင်းဆိုချက်တွေလည်း တောင်းဆိုခဲ့တယ်” လို့ ဦးအောင်ကျော်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်မားအခွင့်အရေးကွန်ရက် MWRN အနေနဲ့ နှစ်စဉ် မေလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေဒေးနေ့မှာ လမ်းလျှောက်ချီတက်ပြီး အလုပ်သမားအခွင့်အရေး တောင်းဆို ဆန္ဒပြကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up