close

ထိုင်းနိုင်ငံက အိမ်နီးချင်းနိုင်ငံနယ်စပ်ဂိတ်များ မေလ ၁ ရက်ကစ၍ ပြန်ဖွင့်မည်

ထိုင်းနိုင်ငံမှာ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို လာမယ့် မေလ ၁ ရက်နေ့မှာ ပြန်ဖွင့်တော့မယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်- ၁၉ အခြေအနေကွပ်ကဲထိန်းချုပ်ရေးဗဟိုကော်မတီက ဧပြီ ၂၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပြန်ဖွင့်မယ့် နယ်စပ်တံခါးပေါက် စုစုပေါင်း ၁၇ ခုရှိကြောင်း ၊ အဲဒါတွေကတော့  လာအိုနိုင်ငံနယ်စပ် လွေး ၊ နခွန်းဖနုန် ၊ နောင်ခိုင်၊ မုဒ်တာဟန်၊ ဘင်ကန် ၊ ဆူရင်း ၊ ဆီစကစ် ကမ္ဘောဒီးယားနယ်စပ် ဆာကယောက် ၊ ကျန်ထပူရီ ၊ တလာတ်  မြန်မာနယ်စပ် တာ့ခ်  (မဲဆောက်) ၊ ကန်ကျနပူရီ၊ ရနောင်း နဲ့ မလေးရှားနယ်စပ် ဆုန်ခလာ ၊ နာရာသီဝပ်၊ ယလား ၊ ဆဒွန်းစတဲ့ခရိုင်က ဝင်ပေါက်တွေလို့  ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေကွပ်ကဲထိန်းချုပ်ရေးဗဟိုကော်မတီ ဒုပြောခွင့်ရ ဒေါက်တာ ဆုမဏီး ဝပ်ချရဆင်က ပြောပါတယ်။ 

နယ်စပ်တံခါးပေါက်မှာ ဝင်ရောက်လာမယ့်သူတွေထဲ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား ၂ မျိုးရှိကြောင်း ၊ ထိုင်းနိုင်ငံသားဆိုရင် ကျန်းမာရေးအာမခံကတ်ပြရန်မလိုပေမဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးသား အထောက်အထားပြရမှာဖြစ်ကြောင်း ၊ မပြနိုင်က RT/PCR စစ်ဆေးခံရမှာဖြစ်ပြီး ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။ 

နိုင်ငံခြားသားတွေမှာ ပတ်စ်ပို့ကိုင်ဆောင်သူတွေအနေနဲ့ Thai Pass အထောက်အထား ၊ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးထောက်ခံစာနဲ့ ကျန်းမာရေးအာမခံကတ် ပြရမှာဖြစ်ပါတယ်။ 

ပိတ်စ်ပို့ စာအုပ်ကြီးမဟုတ်ဘဲ နယ်စပ်ဖြတ်လက်မှတ် ( Border Pass) ကိုင်ဆောင်သူတွေမှာ ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးအထောက်အထားပြဖို့လိုပြီး  ကျန်းမာရေးအာမခံကတ် မလိုအပ်ဘူးလို့ ဆိုပါတယ်။ ကာကွယ်ဆေးမထိုးရသေးပါက RT-PCR စစ်ဆေးခံရမှာဖြစ်ပါတယ်။ 

နိုင်ငံတကာလေဆိပ်တွေမှာ  မေ ၁ ရက်ကစလို့  Test & Go စနစ်ကို ဖျက်သိမ်းပေမယ့် Thailand Pass ကြိုတင်မှတ်ပုံတင်ခြင်းကိုတော့ ပြုလုပ်ရမှာဖြစ်ကြောင်း ၊ RT-PCR စစ်ဆေးတာနဲ့ ကွာရန်တင်းဝင်မယ့်ဟိုတယ်ခန်းကြိုတင်ငှါးထားတဲ့အထောက်အထားပြသခြင်းကို ရုပ်သိမ်းပြီး ကာကွယ်ဆေးထိုးပြီးသားအထောက်အထေားနဲ့ ကျန်းမာရေးအာမခံကတ်ပြသဖို့သာ လိုအပ်တော့ မယ်လို့  ဒေါက်တာ ဆုမဏီးက ပြောသွားပါတယ်။ 

ကိုးကား - prachachat.net

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up