close

မြန်မာ့သရက်သီးပို့ကုန် ဈေးကောင်းရနေသော်လည်း စိန်ခေါ်မှုများ ရှိနေဆဲ

မြန်မာနိုင်ငံကထွက်တဲ့ သရက်သီးတွေ   တရုတ်ဈေးကွက်ကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်မှာ Green channel အထူးဦးစားပေးစနစ်နဲ့ နှစ်နိုင်ငံနယ်စပ်ကနေ  စတင် တင်ပို့နိုင်ခဲ့ပါတယ်။

နှစ်စဉ် ဧပြီနှောင်းပိုင်းမှာ သရက်ပို့ကုန်ရာသီ စတင်လေ့ရှိပြီး အခုနှစ် ရာသီအစမှာ နိုင်ငံခြားငွေ ဈေးကောင်းလို့ သရက်ပို့ကုန် ဈေးကောင်းရနေနိုင်ပေမဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ မူဆယ်အခြေစိုက် သစ်သီးပွဲရုံတွေထံက သိရပါတယ်။

မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံက “ဈေးမတက်ပေမဲ့ ငွေဈေးကမက်စရာ။ စိန်ခေါ်မှုကများတယ်။ တဖာလောက် ကိုဗစ်ပိုးတွေ့ရင် တစီးလုံး အစဖျောက်ခံရမှာ။ အလျော်အစားမရှိဘူး။ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းနဲ့ ကိုင်တွယ်ပါ” လို့  အကြုံပြုထားပါတယ်။

အခုနှစ် သရက်တင်ပို့ရာသီ အစမှာပဲ တရုတ်ဘက်မှာ ပိုးသတ်ဆေး အလွန်အကျွံ အဖျန်းခံခဲ့ရတဲ့ မြန်မာ့သရက်သီးတွေ ပေါက်ဈေးမရရှိဘဲ ဈေးနှိမ်ခံခဲ့ရပါတယ်။

မူဆယ်အခြေစိုက် သစ်သီးပွဲရုံတာဝန်ရှိသူတဦးက “ကောင်းလားဆိုတော့ ကောင်းတယ်။ မကောင်းဘူးလားဆိုရင်လည်း သိပ်မကောင်းဘူး။ ပထမဆုံး ထိုးဖောက်တဲ့ကားတွေ တရုတ်ဘက် ဆေးပူလောင်ပြီး ၅၀-၇၀ ယွမ် အထိသာ ရောင်းရတာ။ ကိုယ်ဖြစ်ကိုယ်ခံ။ အမှန်တကယ်ပေါက်ဈေးက ရောင်းတန်းဝင် အရည်အသွေးရှိတဲ့ စိန်တလုံး၊ ရွှေဟင်္သာ ၁၀၀-၁၄၀ လောက်ရှိတယ်” လို့ ပြောပါတယ်။

အဆိုပါ ပိုးသတ်ဆေးဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး တရုတ်ဆေးဝါး ကျွမ်းကျင်ပညာရှင်တွေ လာရောက်စစ်ဆေးခဲ့ပြီး ပိုးသတ်ဆေးဖျန်းတဲ့ကိစ္စကို ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။

မြန်မာ့သရက်သီးကို ဒူဘိုင်း၊ ဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံတို့ကို အထိုက်အလျောက် တင်ပို့နေပေမဲ့ တရုတ်နိုင်ငံကို နယ်စပ်ကနေ ပမာဏအများဆုံး အဓိကတင်ပို့နေတာပါ။ နှစ်စဉ် သရက်သီး ပျဉ်းမျှတန်ချိန် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ အကြား တင်ပို့မှုရှိပါတယ်။

ပြီးခဲ့တဲ့ရာသီက ကိုဗစ်ကြောင့် ဈေးကွက်မတည်မငြိမ် ဖြစ်ခဲ့ပေမဲ့ သရက် ဈေးကောင်းရရှိခဲ့ပါတယ်။ ဒါကြောင့် အခုနှစ်ရာသီမှာ အချိန်ကြန့်ကြာမှု အနည်းဆုံး အစီအမံ၊ သင့်တင့်တဲ့ ကုန်ကျစရိတ်နဲ့ တင်ပို့နိုင်ဖို့ မြန်မာကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်မှာတော့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး နှစ်ဖက် အွန်လိုင်းဆွေးနွေးပွဲတခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်က ရာသီပေါ် သရက်သီး အပါအဝင် ပုပ်သိုးကုန် သစ်သီးဝလံတွေကို အချိန်တိုအတွင်း တင်ပို့နိုင်ရေးကိစ္စ၊ နယ်စပ်မှာ တရုတ်ခေါက်တိုယာဉ်ငှားခ ဈေးနှုန်းကြီးမြင့်မှု လျှော့ချရေးကိစ္စ အပါအဝင် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up