close

ဧရာဝတီတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁,၀၀၀ ကျော် ပျက်စီးဆုံးရှုံး

ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁,၀၄၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။

ပန်းတနော်၊ ဓနုဖြူနဲ့ မအူပင်မြို့နယ်တွေမှာ မေ ၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့သလို ကြံခင်းမြို့နယ်မှာ မေ ၃ ရက်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၄ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်း၊ လူနေအိမ် ၁,၀၄၈ လုံး အမိုးလန်တာနဲ့ ပြိုကျပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ဝန်ထမ်းတဦးက “အိမ်အလုံးရေက အားလုံးဆို တထောင်ကျော်မယ်။ နှစ်ရက်တည်း ဖြစ်သွားတာ။ တထောင်ကျော်ဆိုတာ အမိုးလန်တာရော ပြိုကျပျက်စီးတာရော ပြောတာ။ ဒီဘက်ကတော့ ထောက်ပံ့ပေးတာတွေရှိတယ်။ လူသေဆုံးတာမျိုးတော့ မရှိဘူး” လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ် မိသားစုတွေကို နီးစပ်ရာ ဆွေမျိုးတွေနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားပြီး တပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးထားပါတယ်။

ဧရာဝတီတိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်တာကြောင့် ရေကြီးမှုနဲ့ လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံရလေ့ရှိပြီး နာဂစ်မုန်တိုင်းဒဏ်ကိုလည်း အပြင်းအထန် ခံခဲ့ရဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up