ပေါက်မြို့ ဒေသခံပြည်သူတဦးကို PDF ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့မှာ ပခုက္ကူ-ပေါက် ကားလမ်း၊ မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ဒီကနေ့ မေ ၄ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးပြီး သစ်ညီနောင်ရွာက ကိုအောင်နိုင်ဝင်းကို PDF လို့ စွပ်စွဲကာ မတရားဖမ်းဆီးသွားကြောင်း သစ်ညီနောင်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“သူက ကျနော်တို့ရွာမှာ အေးအေးဆေးဆေး တောင်သူလုပ်ငန်းကိုပဲ လုပ်ကိုင်တာဗျ။ PDF အဖွဲ့ဝင်လည်း မဟုတ်သလို PDF နဲ့ ဆက်သွယ်တာလည်း မရှိဘူး။ ပေါက်မြို့ကို ဆိုင်ကယ်နဲ့ ဈေးဝယ်သွားတဲ့အချိန်မှာ စစ်အုပ်စုတွေက မတရားဖမ်းဆီးလိုက်တာ။ ကျနော်တို့ရွာကိုလည်း PDF ရွာလို့ စွပ်စွဲပြီး မီးရှို့ဖျက်ဆီးလို့ အားမရသေးတဲ့အပြင် ရွာသားတွေကိုပါ PDF လို့ စွပ်စွဲ ဖမ်းဆီးတာဟာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။”
ကိုအောင်နိုင်ဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါက်မြို့မရဲစခန်းကို ခေါ်သွားပြီး ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ပို့မယ်လို့ ထင်ကြောင်း၊ မိသားစုတွေကိုလည်း လုံးဝ တွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုမှာတော့ သစ်ညီနောင်ကျေးရွာ၊ ဖားအတောတိုက်မှာ နေထိုင်တဲ့ အောင်နိုင်ဝင်းကို လုံခြုံရေးပူးပေါင်းအဖွဲ့တွေက မသင်္ကာလို့ စစ်ဆေးရာမှာ PDF အကြမ်းဖက်သင်တန်း တက်ရောက်ဖူးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးအရေးယူခဲ့တာလို့ ဖော်ပြထားပါတယ်။
သစ်ညီနောင်ကျေးရွာကို ဧပြီ ၂၇ ရက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၇၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။