close

မတ္တရာမြို့နယ်တွင် PDF စခန်း စီးနင်းခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးရှိ  နဂါးညီနောင်အဖွဲ့ရဲ့ PDF စခန်းတခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မေလ ၄ ရက် မနက် ၇ နာရီကျော်လောက်မှာ  စီးနင်းတိုက်ခိုက်ခံရပါတယ်။

မတ္တရာမြို့နယ်မှာ နေထိုင်သူတဦးက “တိုက်ခံရတာ နဂါးညီနောင် အဖွဲ့ရဲ့ စခန်းလို့ သိရတယ်။ PDF တွေတော့ ဖမ်းဆီးခံရတာမရှိဘူး။ စခန်းအနီးနားက ပြည်သူတချို့တော့ ဖမ်းခံရတာရှိတယ်။” လို့ပြောပါတယ်။

နဂါးညီနောင်၊ MDY PDF၊ ဇာမဏီ၊ MPDF တို့ မဟာမိတ် ၄ ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ယောက် သေဆုံးပြီး ၅ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ PDF အဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ပြီး ပြည်သူ ၅ ယောက်ကို  စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့လည်း PDF ဘက်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up