close

ပြည်ပမှရွှေတင်သွင်းမည့်ကိစ္စ မဖြစ်နိုင်ဟု ရွှေလုပ်ငန်းရှင်အချို့ သုံးသပ်

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြည်ပကနေ ရွှေတင်သွင်းမယ်လို့ ပြောဆိုတာက အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

မေ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ စျေးကွက်မှာ ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိစေရေးအတွက် နိုင်ငံခြားမှ တင်သွင်းနိုင်ရေးကို ဆောင်ရွက်ဖို့နဲ့ ဗဟိုဘဏ်မှ ရွှေရောင်းချပေးရေး တင်ပြဖို့ဆိုတဲ့ အချက်တွေအပါအဝင် အချက်ပေါင်း ၅ ချက်ကို သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အပြောလွယ်သလောက် အလုပ်ခက်တယ်လို့ ရွှေလုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။

“ကျနော်မြင်တာက အပြောလွယ်သလောက် အလုပ်ခက်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆို ပြည်ပကနေ ရွှေသွင်းဖို့အတွက် ဒေါ်လာက ဘယ်က ရမှာလဲ။ လက်ရှိအခြေအနေမှာတောင် ဒေါ်လာ လုံလောက်မှုမရှိလို့ အကုန်လုံး ဒုက္ခရောက်နေတာ မဟုတ်ဘူးလား။ ဆိုတော့ နိုင်ငံတော်ဘက်က ဒေါ်လာ ထုတ်ပေးဖို့ ဆိုတာကလည်း လွယ်ကူတဲ့ အခြေအနေမှ မဟုတ်တာ။ အပြင်ကနေ ဝယ်ဖို့ ဆိုရင် ပိုဆိုးတာပေါ့။ ဒါကြောင့် အပြောလွယ်သလောက် အလုပ်ခက်မယ်လို့ ပြောတာပါ။ ပြီးတော့ အန်ကယ်လ်တို့ ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကာလတလျှောက်မှာ ပြည်တွင်းလိုအပ်ချက်ကြောင့် ပြည်ပကနေ ရွှေတင်သွင်းခဲ့ရတဲ့ အခြေအနေဆိုတာ မရှိခဲ့ဘူး။ တခုတော့ ရှိတယ်။ ရွှေဆိုတာက မြင့်ရာကနေ လျှံထွက်သွားတာမျိုးတော့ ရှိတတ်တယ်။ ဆိုလိုတာက ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေစျေးထက် မြင့်နေရင် အကြောင်းအမျိုးမျိုးနဲ့ ပြည်တွင်းထဲကို ဝင်လာမယ်။ အဲ့ဒီလိုပဲ ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေစျေးတက် နိမ့်နေရင်တော့ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ပြန်ထွက်သွားတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ပြည်တွင်းရွှေစျေး နဲ့ ကမ္ဘာ့ရွှေစျေးက သိပ်ကွာခြားမှု မရှိတာကြောင့် ဒီဘက်ကလည်း သွားဖို့ မလွယ်သလို ဟိုဘက်ကလည်း ဝင်လာဖို့ဆိုတာက အင်မတန် ခဲယှဉ်းပါတယ်။” 

တခြားရွှေလုပ်ငန်းရှင်တဦးကလည်း “ပြည်ကနေ ရွှေတင်သွင်းမယ်ဆိုရင် ယိုးဒယားကလည်း မြန်မာနိုင်ငံဆီ ဝင်လာလို့ရသလို ဟောင်ကောင် နဲ့ ရှန်ဟိုင်းဘက်ကလည်း ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေတော့ ရှိတာပေါ့။ သူတို့ဆီက ရွှေတွေကလည်း ရွှေသန့်စင်မှုက ၉၉ ဒသမ ၉၉ သန့်စင်မှုရှိပြီး ကမ္ဘာ့စျေးကွက်မှာ လက်ခံထားတဲ့ အမျိုးအစားတွေဖြစ်လို့ ပြည်တွင်းမှာ သုံးလို့ ရပါတယ်။ ဒါပေမဲ့ တခုရှိတာက သယ်ယူစရိတ်တွေ ဘာတွေ ရှိသေးလို့ အဲ့ဒါတွေပါ ထည့်တွက်ရင် လက်ရှိ စျေးထက်တောင် စျေးနှုန်း ပိုမြင့်သွားနိုင်တယ်။ ဒါကြောင့် ပြည်ပကနေ တင်သွင်းဖို့က ဘယ်လိုမျှ မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ မေ ၅ ရက် ဒီနေ့မနက် ၁၀ နာရီ ထုတ်ပြန်ချက်အရ ပြည်တွင်း အကယ်ဒမီရွှေ တကျပ်သား စျေးနှုန်းမှာ ကျပ် ၂,၀၂၆,၇၀၀ သိန်း ရှိပြီး ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၉၀၁ ဒေါ်လာ ရှိပါတယ်။

ဒါပေမဲ့ ရန်ကုန်ရွှေရောင်းဝယ်ရေးစျေးကွက်မှာ အကယ်ဒမီရွှေ (မီးလင်းအတုံး) က စျေးနှုန်းသာ ရှိပြီး အရောင်းအဝယ်က မရှိသလောက် ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up