close

ချင်းမိုင်မြို့က PROMENADA ကုန်တိုက်ကြီး ပိတ်သိမ်း၊ အလုပ်သမား ၈၀၀ ကျော်အလုပ်ပြုတ်

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့က၊ အကြီးဆုံးနဲ့အလှဆုံးလို့  ဒေသခံတွေ တင်စားခေါ်ဝေါ်လေ့ရှိတဲ့  ပရိုမီနာဒါ Promenana ကုန်တိုက်ကြီးကို မေ ၅ ရက်ကစပြီး  ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း သက်ဆိုင်ရာကုမ္ပဏီက ရုတ်တရက် ကြေညာလိုက်ပါတယ်။ 

ဈေးသည်ဈေးဝယ်တွေဟာ ကုန်တိုက်ပိတ်မယ့်အကြောင်း ကြိုတင်မသိရဘဲ ရောင်းစရာတွေ အထူးသဖြင့် အစားအစာတွေ ပြင်ဆင်လာပြီးမှ ကုန်တိုက်ရောက်တော့ မီးလည်းမလာ ရေလည်းမလာလို့ အကုန်ကမောက်ကမဖြစ်ကုန်ပြီး ပစ္စည်းသိမ်း၊ ဆိုင်ပိတ်ကာ ပြန်ခဲ့ရကြောင်း၊ စားသောက်ဆိုင်တဆိုင်ဟာဆိုရင် ပုစွန်တွေ ငါးတွေပါတဲ့ ဟင်းချက်စရာတွေ ဘတ်ငွေ ၁၀၀၀၀ ကျော်ရင်းနှီးထားရလို့ ဘယ်နားသွားရောင်းရမှန်းမသိတော့ဘူးလို့ ထိုင်း PBS သတင်းထောက်ကို ပြောပါတယ်။ 

တချို့ကလည်း ကုန်တိုက်မှာ ရေခဲမုန့်လာစားရာမှာ  ဆိုင်တွေပိတ်သိမ်းနေလို့ ပြန်တော့မယ်လို့ ပြောပါတယ်။

ကုန်တိုက်ပိတ်ရတဲ့အပေါ် သက်ဆိုင်ရာကုမ္ပဏီကတော့ “သူတို့ကုန်တိုက်ဟာ ကိုဗစ်-၁၉ ရောဂါ ချင်းမိုင်ကို ကူးစက်ပြန့်ပွားလာတဲ့နောက် ၂၀၂၀ ပြည့်နှစ် မတ်လကစပြီး ဝင်ငွေထက် ထွက်ငွေပိုကာ အရှုံးပေါ်ခဲ့ကြောင်း၊ ဝန်ထမ်းနဲ့ အလုပ်သမားတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ ကုန်တိုက်ရပ်တည်ရေးအတွက် ကြိုးစားဖေးမလာခဲ့ပေမယ့်လည်း ကြာလာတော့ မခံနိုင်တော့ဘဲ အခုလို ရက်အကန့်အသတ်မရှိ ရပ်နားထားလိုက်ရတာဖြစ်ကြောင်း၊ ဒီအပေါ်မှာ အထူး ဝမ်းနည်းရကြောင်းနဲ့ ရင်းနှီးမတည်မယ့် လုပ်ငန်းရှင်တွေပေါ်လာမှ ပြန်ဖွင့်မယ်” လို့ ကြေညာထားပါတယ်။ 

လက်ရှိကုန်တိုက်ကြီးကို Joint S Property Company Limited /  Promenada Chiang Mai Company Limited နဲ့  European CC (Thailand) Co., Ltd စတဲ့ကုမ္ပဏီ ၃ ခုရှယ်ယာဝင်ပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ 

ကုန်တိုက်ဟာ ထာ့ဆာလားရပ်ကွက် ချင်းမိုင် - လမ်းပန်း စူပါဟိုက်ဝေးလမ်းမကြီး အရှေ့ဘက်မှာရှိပြီး မြေကွက်အကျယ် ဧက ၄၀ ခန့်ပေါ်မှာ ပန်းခြံ၊ ရေကန်၊ စမ်းချောင်း၊ မြက်ခင်းပြင်ပွဲကြည့်စင်၊ ကားအစီးရေရာနဲ့ချီဆံ့တဲ့ယာဉ်ရပ်နားရာနေရာ၊ မြို့ထဲထိ အခမဲ့စီးလို့ရတဲ့ ဖယ်ရီကား၊ အထဲမှာ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ ဘဏ်တိုက်၊ မီနီမတ်တွေပြီး  နိုင်ငံခြားသားတွေ ဗီဇာသက်တမ်းတိုးနိုင်ဖို့ လဝကရုံးကလည်း အခန်းငှားထားခဲ့ပါတယ်။ 

ကုန်တိုက်ကြီး ရုတ်တရက်ပိတ်လိုက်တော့ ဝန်ထမ်း နဲ့အလုပ်သမား ၈၀၀ ကျော် အလုပ်ပြု တ်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up