close

အာဆီယံလူသားချင်းစာနာမှုအကူအညီများကို စစ်ကောင်စီက အခွန်ကောက်လို၊ တော်လှန်ရေးအဖွဲ့များ ထံရောက်သွားမှာ ကြောက်ရွံ့နေ

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့ပတ်သက်ပြီး လုပ်ဆောင်ရာမှာ  အတားအဆီးအဟန့်အတားတွေ အများကြီး ရှိနေသေးပေမဲ့ တိုးတက်မှုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီယားနိုင်ငံခြားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ပရတ်ဆာခွန်းက ပြောကြားလိုက်ပါတယ်။  

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့ ပတ်သက်တဲ့ အာဆီယံ အဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲကို ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့မှာ မေလ ၆  ရက်က ကျင်းပပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ပြောကြားခဲ့တာပါ။

ဒီအစည်းအဝေးကနေ   မြန်မာနိုင်ငံ ဒေသ ၅ ခုအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကနဦးလျာထားနိုင်ခဲ့ပြီး  ဒီအထဲက အကူညီတွေလိုအပ်နေတဲ့ ပြည်သူတွေရှိရာ  ဒေသ ၂ ခုကို ဦးစားပေးသတ်မှတ်ထားတယ်လို့ မစ္စတာ ပရတ်ဆာခွန်းကပြောပေမဲ့ ဘယ်ဒေသတွေလဲဆိုတာကို တော့ မသိရသေးပါဘူး။ 

သက်ဆိုင်တဲ့ဘက်အားလုံးအနေနဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပြီး လိုအပ်တဲ့ မြန်မာ ပြည်သူတွေထံ အကူအညီတွေပေးရေး အာရုံစိုက် လုပ်ဆောင်ကြဖို့ လည်း ကမ္ဘောဒီယားဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

မြန်မာကို လူသားချင်းစာနာမှုအကူအညီတွေပေးရာမှာ  မြန်မာဘက်ကရော မြန်မာပြည် ပြင်ပက အလှူရှင်တွေနဲ့ အေဂျင်စီတွေကြားမှာပါ မတူညီတဲ့ အခြေအနေရှိနေပြီး အတားအဆီးတွေ ကြုံတွေ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။ 

တချို့ နိုင်ငံတွေနဲ့ အေဂျင်စီတွေက လက်ခံတဲ့နိုင်ငံ (မြန်မာ) ရဲ့ စောင့်ကြည့်မှုတွေ အကြံပေးမှုတွေ မပါဘဲ မြန်မာပြည်သူတွေအတွက် အကူအညီအထောက်အပံ့တွေပေးဖို့ ရည်ရွယ်ထားပြီး  လက်ခံမယ့် (မြန်မာ) နိုင်ငံဘက်လည်း  ကန့်သတ်ချက်တချို့ထားထားတယ်လို့ဆိုပါတယ်။

အတားအဆီးတွေထဲက  တခုကတော့ လူသားချင်းစာနာမှု အကူအညီတွေကို အခွန်ကောက်ဖို့ဖြစ်ပြီး ဒီကိစ္စကို အောင်အောင်မြင်မြင် ဆွေးနွေးညှိနှိုင်းခဲ့ကာ  အခွန်ကောက်မယ့်ကိစ္စကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ပရတ်ဆာခွန်းက ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေအပါဝင် မြန်မာပြည်သူတွေအတွက်  အကူအညီပေးရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်လို့လည်း  တခြားအဟန့်အတားတွေ ရှိနေသေးပြီး အကူအညီတွေ တော်လှန်ရေးအဖွဲ့တွေဆီရောက်သွားမှာကို မြန်မာဘက်က  စိုးရိမ်ကြောင့်လန့်နေတယ် လို့ ဆိုပါတယ်။ 

ဒီနေ့အစည်းအဝေးမှာ ဒီပြဿနာတွေကိုဆွေးနွေးခဲ့ကြပြီး အများစုကို ဖြေရှင်းနိုင်ခဲ့ကြောင်း၊ မြန်မာပြည်ရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းဖို့  အာဆီယံနဲ့ ကုလသမဂ္ဂအကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ 

ဒီအစည်းအဝေးမှာ အာဆီယံအတွင်းရေမှူးချုပ် လင်မ်ဂျော့ဟွိုင်နဲ့ ဒေသတွင်းနိုင်ငံတွေက အဆင့်မြင့်အရာရှိတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

လာမယ့်သီတင်းပတ် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာကျင်းပမယ့် အမေရိကန်- အာဆီယံ  ထိပ်သီးဆွေးနွေးပွဲကနေပြန်လာပြီးရင်  ဒီလကုန်မှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မှာ ဖြစ်တယ်လို့ လည်း  အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆာခွန်းက ပြောပါတယ်။ 

REF-Phnompenh Post.

Photo Credit-MFAIC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up