close

ဖားကန့်တွင် မြေစာပုံပြိုကျပြီး ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၆ ရက် မနက်ပိုင်းက ကျောက်ယမ်းခွဲရာကနေ မြေစာပုံပြိုကျလို့  ကျောက်ရှာသူ ၂ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ထံကသိရပါတယ်။ 

ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတခုမှာ ကျောက်ယမ်းခွဲရာမှာကနေ ရေမဆေးကျောက်ရှာဖွေနေသူတွေအပေါ် မြေစာပုံပြိုကျခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်ဒေသခံတဦးက "မနက် ၇ နာရီလောက် ဖြစ်တာ။ ကျောက်ယမ်းခွဲရာကနေ မြေစာပုံက ကျောက်ရှာနေတဲ့ လူတွေပေါ် ပြိုကြပြီးသေဆုံးတာ။ နှစ်ယောက်သေတယ်။ လေးဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

မြေစာပုံပြိုကျလို့ ထိခိုက် ဒဏ်ရာရသူ ၄ ယောက်ထဲက တယောက်ဟာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ဒေသခံက ပြောပါတယ်။

မေ ၅ ရက်မနက်ပိုင်းကလည်း ကောင်ဆန်ကျေးရွာမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးရှာဖွေသူ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျတာတွေ မကြာခဏဖြစ်ပွားလေ့ရှိကာ မမုံကျေးရွာမှာရှိတဲ့  လုပ်ကွက်ဟောင်းတခုမှာ ဖေဖေါ်ဝါရီ ၁၈ ရက်က မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက်သေဆုံးခဲ့ကာ ၃ ယောက် ဒဏ်ရာရခဲ့သလို ဖေဖေါ်ဝါရီ  ၂၈ ရက်ကလည်း  မမုံကျေးရွာက လုပ်ကွက်တခုမှာ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးသမား  ၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up