close

ပခုက္ကူမြို့တွင် အမျိုးသမီးတဦးကို စစ်ကောင်စီက မတရားဖမ်းဆီး

မကွေးတိုင်း ပခုက္ကူမြို့မှာ မေ ၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက အမျိုးသမီးငယ်ယောက်ကို မတရားဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့ အမှတ် ၁၀ ရပ်ကွက်၊ ကုန်စည်ဒိုင်လမ်းမှာနေထိုင်တဲ့ မသင်းသင်းရဲ့ နေအိမ်ကို မေ ၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ၊ရဲတွေနဲ့ အရပ်ဝတ်ဝတ်ထားသူတွေ ရောက်လာပြီး မသင်းသင်းအား CRPH/NUG နဲ့ PDF တပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပခုက္ကူမြို့ခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။

“သူထောက်ပံ့တယ်၊ မထောက်ပံ့ဘူးဆိုတာ စခတွေ သိစရာအကြောင်းမရှိဘူး။ Wave Pay ငွေပေးချေမှု စနစ်က ပြည်သူတွေအတွက် လုံခြုံရေးအာမခံချက်မရှိတော့ဘူးလား။ ဒါမှမဟုတ် သတင်းပေးဒလန်တယောက်က စစ်ကောင်စီကို သတင်းပေးလို့ အဖမ်းခံရတာလားဆိုတာ စဥ်းစားစရာပဲ။ နွေဦးတော်လှန်ရေးမှာ ပါဝင်သူအားလုံးဟာ ပြည်သူလူထု အထောက်ပံ့နဲ့ ရပ်တည်နေကြရတာ။ ကျနော်ကတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေကို များများထောက်ပံ့ပေးကြဖို့ တိုက်တွန်းချင်တယ်။ ကျနော်ကိုယ်တိုင်လည်း တတ်နိုင်သရွေ့ ထောက်ပံ့ပေးနေတယ်။”

မသင်းသင်းကို ပခုက္ကူမြို့မရဲစခန်း ခေါ်ဆောင်သွားတယ်လို့သိရပြီး မိသားစုဝင်တွေက တွေ့ခွင့်တောင်းပေမယ့် စစ်ကြောရေးကာလဖြစ်လို့ တွေခွင့်မပေးသေးဘူးဆိုပြီး ရဲတွေက ပြောလွှတ်လိုက်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပခုက္ကူမြို့ ပြည်သူတွေကို ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကိုစောင့်ကြည့်ပြီး ဆက်တိုက်ဖမ်းဆီးနေသလို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း ပိတ်ဆို့စစ်ဆေး ပစ်ခတ်ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းကလည်း လူငယ် ၂ ယောက်ကို ဆိုင်ကယ် တစီးတည်း ၂ ယောက်စီးလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကသေနတ်နဲ့ လိုက်ပစ်တာ ဒဏ်ရာတွေရပြီး ဆေးရုံတင်ထားရတယ်။” 

စစ်ကောင်စီတပ်တွေဟာ အခုတပတ်အတွင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှား ပါဝင်သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up