close

ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ မြန်မာ-ဝမ်ပေါင်နဲ့ မြန်မာ-ယန်စီ ကုမ္ပဏီတို့ကို လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ မေ ၈ ရက် ညနေပိုင်းက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာကနေ မေ ၈ ရက် ညနေ ၃ နာရီလောက်က ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာနဲ့ သဲတောကြီးကျေးရွာတွေထဲ သေနတ်တွေ ပစ်ဖောက်ဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ကြောက်လန့်တကြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ရွှေပန်းခိုင်ကျေးရွာအနီး တပ်စွဲနေထိုင်ခဲ့ပြီး တခြားရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာ ၁၀ ရွာက ဒေသခံတွေလည်း နေအိမ်တွေမှာ မနေရဲကြဘဲ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကို  PDF ပူးပေါင်းအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးတွေနဲ့ ညနေ ၆ နာရီဝန်းကျင်လောက်က စတင်ကာ တဖက်နဲ့တဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘဲ PDF အဖွဲ့ဘက်ကတော့ ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့ တိုက်ခိုက်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေ ၉ ရက်မနက်ပိုင်းကလည်း လက်နက်တွေနဲ့ပစ်ခတ်ပြီး မြန်မာ - ယန်စီကုမ္ပဏီအနီးပတ်ဝန်းကျင်ကို လှည့်လည်လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာ-ဝမ်ပေါင်နဲ့ မြန်မာ - ယန်စီ ကုမ္ပဏီတွေဟာ ဆားလင်းကြီးမြို့နယ်အတွင်း ရှိပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတို့ အကျိုးတူ ဖက်စပ်လုပ်ကိုင်နေကြကာ ကြေးနီသတ္တုကို အဓိက ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

မြန်မာ-ဝမ်ပေါင် နဲ့ မြန်မာ-ယန်စီကြေးနီထုတ်လုပ်ရေးဟာ စစ်အာဏာသိမ်းပြီးနောက် ကုမ္ပဏီ ဝန်ထမ်းတော်တော်များများ အလုပ်အဆင်းဘဲ CDM ပြုလုပ်ခဲ့ကြတာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက လုပ်ငန်းလည်ပတ်ပတ်မှုမရှိခဲ့ဘူးလို့ မြန်မာ ယန်စီ ဝန်ထမ်းတဦးက ပြောပါတယ်။

လုပ်ငန်းလည်ပတ်မှု မပြုလုပ်နိုင်တော့ပေမယ့် ကုမ္ပဏီဧရိယာအဝန်းထဲမှာ ဝန်ထမ်းအနည်းငယ် ရှိနေခဲ့ပြီး အခြားသန့်ရှင်းရေးအပိုင်းတွေ ဆောင်ရွက်နေတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

အဲဒီ ကုမ္ပဏီဝန်းဝိုင်းထဲမှာ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကိုလည်း မေ ၅ ရက် နောက်ဆုံးထား ထွက်ခွာပေးဖို့ PDF အဖွဲ့ ၁၆ ဖွဲ့က စာထုတ်ပြန်ပြီးနောက် ကျန်ရှိနေတဲ့ ဝန်ထမ်းတွေထဲက အတော်များများ ကုမ္ပဏီဝန်းဝိုင်းထဲက ထွက်ခွာလာခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မြန်မာ ဝမ်ပေါင် နဲ့ မြန်မာ ယန်စီ ကုမ္ပဏီတွေရဲ့ ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်တွေ နေရာယူ ရောက်ရှိနေတာကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဆားလင်းကြီးမြို့နယ် နဲ့ ယင်းမာပင်မြို့နယ်တို့က ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up