ပါကစ္စတန်တွင် ရေခဲကန် အရည်ပျော်ပြီး တံတားတစင်း မျောပါ

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ လတ်တလော အပူလှိုင်းကြောင့် ရေခဲကန်တခု အကြီးအကျယ် အရည်ပျော်ခဲ့ပြီး စမ်းချောင်းအဖြစ် စီးထွက် ကျိုးပေါက်ခဲ့လို့ မေ ၇ ရက်က တံတားတစင်း မျောပါခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။
ရှစ်စ်ပါ ရေခဲကန်က ရေပမာဏဟာ မကြုံစဖူး အပူချိန်မြင့်ခဲ့လို့ ပြီးခဲ့တဲ့ ရက် ၂၀ အတွင်း ၄၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
နိုင်ငံမြောက်ပိုင်းက ရေခဲမြစ်တွေ ရုတ်တရက် အရည်ပျော်လို့ ရေခဲကန် ၃ ထောင်ကျော် ဖြစ်လာခဲ့ပြီး ရေခဲကန် ၃၃ ခုက မကြာခင် တာကျိုးတော့မယ့်အပြင် စမ်းချောင်းတွေ တလျှောက် ရေစီးသန်တော့မယ်လို့လည်း သူတို့က ပြောပါတယ်။
ဟတ်ဆာနာဘတ် မြို့မှာတော့ ဒေသန္တရ အရာရှိတွေဟာ ရေဘေးကြောင့် လူတွေ သောင်တင် မနေတာ သေချာစေဖို့ ကူညီနေပါတယ်။