ပါကစ္စတန် အသေခံဗုံးခွဲမှုတွင် တရုတ်နိုင်ငံသား ၃ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ၊ ကရာချိတက္ကသိုလ်နားမှာ ဖြတ်မောင်းသွားတဲ့ မီနီဘတ်စ်ကားတစီး ဧပြီ ၂၆ ရက်က ဗုံးကွဲလို့ သေဆုံးတဲ့ ခရီးသည်တွေထဲမှာ အဲ့ဒီတက္ကသိုလ်ရဲ့ ကွန်ဖြူးရှပ်စ်ဌာနက တရုတ်ဝန်ထမ်း ၃ ယောက်နဲ့ ပါကစ္စတန်နိုင်ငံသား ၁ ယောက် ပါဝင်တယ်လို့ ရဲတွေက ပြောပါတယ်။
ဒါဟာ မနှစ်က ပါကစ္စတန်ရဲ့ ကာလကြာရှည် မဟာမိတ် တရုတ်နိုင်ငံသားတွေကို အကြီးစား တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး ပထမဆုံးအကြိမ် တရုတ်နိုင်ငံသားတွေ သေဆုံးမှုလည်း ဖြစ်ပါတယ်။
ဒီဗုံးကွဲမှုဟာ အမျိုးသမီး အသေခံဗုံးခွဲသမား တယောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သူတို့လက်ချက် ဖြစ်တယ်လို့ ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် ခွဲထွက်ရေး အုပ်စု (BLA) က ရိုက်တာသတင်းဌာနဆီ ပေးပို့ထားတဲ့ အီးမေးလ်ထဲမှာ အခိုင်အမာ ပြောပါတယ်။
ဒါဟာ ပါကစ္စတန်မှာ ဝန်ကြီးချုပ်အသစ် ရှာဘတ်စ်ရှာရစ်ဖ် ဒီလထဲမှာ အာဏာရအပြီး မြို့ပေါ်မှာ ပထမဆုံး အကြီးစားတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အသစ်ကတော့ ဒီလုပ်ရပ်ဟာ အကြမ်းဖက်ဝါဒရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကွန်ဖြူးရှပ်စ်တက္ကသိုလ် တရုတ်ဘာသာနဲ့ ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူးနဲ့ တခြား ဌာနတွင်း အဖွဲ့ဝင် ၂ ယောက် ပါတယ်လို့ တက္ကသိုလ် ပြောခွင့်ရက ပြောပါတယ်။
ဒီ သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုနဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုက်ရိုက် တိုက်ခိုက်လိုက်တာပဲလို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
BLA တပ်ဟာ ဒီနှစ်အစောပိုင်းကလည်း နိုင်ငံအနောက်တောင်ပိုင်းက ဘာလူချီစတန် ပြည်နယ်အတွင်း စစ်တပ်အခြေစိုက်စခန်း ၂ ခုကို တိုက်ခိုက်ပြီး စစ်သား ၇ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်နဲ့ တနာရီကြာ တိုက်ပွဲအတွင်း တိုက်ခိုက်ရေးသမား ၁၃ ယောက် ဆုံးရှုံးခဲ့ပါတယ်။ ဘာလို့ချ် ခွဲထွက်ရေး ပြောက်ကျားတပ်ဟာ ဒေသတွင်း ဓာတ်သတ္ထုဆိုင်ရာ သယံဇာတ ရင်းမြစ်တွေအတွက် ပိုကြီးတဲ့ဝေစုရဖို့ တိုက်ပွဲဝင်နေတာလို့ ပြောရင်း လုံခြုံရေးတပ်တွေ၊ အခြေခံအဆောက်အဦတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို တိုက်ခိုက်လေ့ ရှိပါတယ်။