close

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် PLA တပ်တို့ တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်အနီးမှာ မေ ၉ ရက် ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ သတင်းပေးတဦးကို ဖမ်းဆီးရမိထားတယ်လို့ PLA တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ညက ကင်းပုန်းနဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာ၊ နာရီဝက်လောက်တော့ ကြာတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ထုတယ်။ နှစ်ဘက် အထိအခိုက်အကျဆုံးတော့ မရှိဘူး။ ဒါပေမဲ့‌ သူတို့ဘက်က စစ်ခရိုနီသတင်းပေးတယောက်တော့ တိုက်ပွဲအတွင်းမှာ ဖမ်းမိထားတယ်။” 

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီသတင်းပေးတဦးကို PLA တပ်က စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။ 

ဒေသခံတဦးက “ညက ပစ်သံတွေ ဆက်တိုက်ကြားတယ်။ လက်နက်ကြီးပစ်သံ ၃ ချက်လည်း ကြားတယ်။ မိုးက ရွာနေတော့ မိုးသံနဲ့ဆိုတော့ တိတိကျကျ ဘယ်နားကနေ ပစ်နေတယ်ဆိုတာ မသိလိုက်ရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မိုးကုတ်မြို့မှာ မေ ၉ ရက်နေ့ နေ့ခင်းပိုင်းက ဆိုင်ကယ်စီးသူတိုင်းကို တားဆီးစစ်ဆေးနေပြီး ရက်ခြားဆိုသလို ညဘက်ပိုင်း သေနတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up