မောင်တောမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄ ဦး ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက်ကို မေလ ၁၀ ရက်ညနေက ပန်းတောပြင်တံတားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင်လူကုန်ကူးတားဆီးနှိမ်နှင်းရေးအဖွဲ့ကနေ သိရပါတယ်။
ဖမ်းဆီးရမိသူ ၄ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယားမြို့နယ်၊ မာတာဘိုနီရာကျေးရွာနေ မိုဟာမတ်မီဇန် အသက်(၁၈)နှစ်၊ မိုဟာမတ်ရှာဟတ် အသက်(၁၈)နှစ်၊ မိုဟာမတ်တာရိန် အသက်(၁၈)နှစ်နဲ့ မိုဟာမတ်ဆာဗက် အသက်(၁၈)နှစ်တို့ ဖြစ်ကြပါတယ်။
မောင်တောခရိုင်လူကုန်ကူးတားဆီးနှိမ်နှင်းရေးအဖွဲ့ တာဝန်ရှိသူတဦးက "မနေ့က ညနေ ၄ နာရီမှာ ပန်းတောပြင်တံတားမှာဖမ်းမိတာ။ သူတို့စီးလာတဲ့ကားကို သတင်းအရစစ်ဆေးရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကိုဖမ်းမိတာ။"လို့ ပြောပါတယ်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက်ကို စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မလေးရှားနိုင်ငံသို့ သွားရောက်ဖို့ မေလ ၇ ရက်နေ့လယ် ၂ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်ဆိပ်ကမ်းကနေ အမည်မသိ လူပွဲစား စီစဉ်ပေးတဲ့ လှေနဲ့ မြန်မာနိုင်ငံဘက်ခြမ်း မင်္ဂလာကြီးကျေးရွာအနီး နယ်စပ်သို့ ကူးလာခဲ့တာလို့ သိရပါတယ်။
အဲဒီကတဆင့် မေလ ၁၀ ရက် မနက် ၈ နာရီမှာ မောင်တောမြို့သို့ အနက်ရောင်( BAJAJ)အ မျိုးအစား ယာဉ်နဲ့ ယာဉ်မောင်း ဖါရုအာဇစ်နဲ့အတူ ဆက်လက် ပို့ဆောင်ရာမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက်ကို မောင်တောမြို့ မောင်နီရပ်ကွက်မှာ နေထိုင်တဲ့ ယာဉ်မောင်း ဖါရုအာဇီနဲ့အတူ လဝကအက်ပုဒ်မ ၁၃(၁)အရ မကျည်းချောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ် အရေးယူထားပါတယ်။