ထိုင်းစာသင်ကျောင်းများ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်

ထိုင်းနိုင်ငံမှာ စာသင်ကျောင်းတွေကို ဒီကနေ့ မေ ၁၇ ရက်က စတင်ကာ ဖွင့်လှစ်လိုက်ပြီဖြစ်ကာ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေ၊ စည်းမျဉ်းတွေနဲ့အညီ လိုက်နာကြဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။
ကျောင်းတွေတိုင်းမှာ စာသင်ခန်းတွေ၊ ကျောင်းပရဝုဏ်တွေနဲ့ ဘေးပတ်ပတ်လည် ဧရိယာတွေကိုလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ရေး စည်းကမ်းတွေ တင်းကျပ်ထားပြီး အရေးပေါ်အခြေအနေအတွက်လည်း ကြို တင်စီမံထားတယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
စာသင်ကျောင်းထဲ တစုံတယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရတယ်ဆိုရင် ကျောင်းကို ပိတ်ချလိုက်ဖို့ မလိုအပ်ပေမယ့် အမြန်ဆုံး လျင်မြန်ထိရောက်တဲ့ အစီအစဉ်အရ လိုက်နာရမှာဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသူကျောင်းသားတွေအနေနဲ့ အပြည့်အဝ သင်ယူနိုင်စေဖို့နဲ့ သင်ယူမှု ဆုံးရှုံးမှု ပြဿနာကို လျှော့ချနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်လို့များ လူနာတယောက်ကို စာသင်ခန်းတခုမှာ တွေ့ရှိခဲ့ရင် အဆိုပါအခန်းကို သန့်ရှင်းရေးအတွက် အချိန် ၃ ရက်ကြာ ပိတ်ထားသင့်ပြီး အတန်းတွေကိုတော့ အွန်လိုင်းပေါ်ကတဆင့်သာ ဆက်လက်သင်ကြားသင့်ပြီး ဒီအ တောအတွင်း တခြားအတန်းတွေကိုတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားနိုင်မယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူပေါင်း ၄ ဒသမ ၃၈ သန်းကျော်၊ သေဆုံးသူပေါင်း ၂၉,၅၅၃ ယောက်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၄ ဒသမ ၂၉ သန်းကျော် ရှိနေ တာပါ။
ကျောင်းနေအရွယ် ကလေးတွေအပါအဝင် ကာကွယ်ဆေး ထိုးပြီးစီးမှုအခြေအနေမှာတော့ ထိုင်းနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၈ သန်း ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ကာ နိုင်ငံ့လူဦးရေရဲ့ ၇၄ ဒသမ ၂ ရာခိုင်နှုန်းကျော် အကာအကွယ်ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။