ဘူးသီးတောင်သို့ စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းလာသဖြင့် ဒေသခံများ စိုးရိမ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ ဖြည့်တင်းလာနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မေလ ၁၇ ရက် ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်က စစ်ကား ၁၇ စီးနဲ့ အငူမော်မှတဆင့် ဘူးသီးတောင်မြို့သို့ လူအင်အား၊ ရိက္ခာနဲ့ လောင်စာဆီတွေ အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းလာတာလို့ မျက်မြင် ဒေသခံတွေထံက သိရပါတယ်။
ဘူးသီးတောင်မြို့ခံတစ်ဦးက "ဒီနေ့ စစ်ကား ၁၇ စီးနဲ့ လူအင်အား ရိက္ခာအင်အားနဲ့ လောင်စာဆီတွေပါ အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေတာတွေရ အရင်နေ့တွေကလည်း စစ်အင်အားဖြည့်တင်နေတာတွေ ရှိခဲ့တယ်။ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တယ်လို့လည်း အေအေ ကပြောထားတယ်ဆိုတော့ စိုးရိမ်ရတဲ့ အခြေအနေပေါ့။"လို့ ပြောပါတယ်။
ဘူးသီးတောင် စစ်ဘေးရှောင်ဒုက္ခသည်စခန်း တာဝန်ရှိသူတဦးကလည်း "တိုက်ပွဲဖြစ်လာာရင်တော့ စစ်ဘေးရှောင်တွေ ထပ်ပေါ်လာမှာ။ လက်ရှိစစ်ဘေးရှောင်တွေတောင် အိမ်မပြန်နိုင်ကြသေးဘူး။ စစ်ဘေးရှောင်တွေ ထပ်တိုးလာမယ်။ စားသောက်ကုန်တွေက စျေးကြီးလာ အလုပ်အကိုင်က မရှိဆိုတော့ ဒုက္ခတွေများစွာတွေ့လာနိုင်ပါတယ်။"လို့ ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ရက္ခိုင့်တပ်တော် ULA/AA နဲ့ စစ်ကောင်စီတပ်တို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ လုံးဝရပ်တန့်ထားခဲ့ကြတာပါ။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်တွေ အင်အားတိုးချလာတာကြောင့် စစ်ရေးတင်မားနေခဲ့ပြီး မေလ ၁၅ ရက်မှာတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲအချိန်မရွေးပြန် ဖြစ်လာနိုင်တယ်လို့ အေအေက အသိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ဘူးသီးတောင်အခြေစိုက် စခခ(၁၅) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲတွေအတွက် လက်နက်၊ လူအင်အား၊ ရိက္ခာတွေကို စစ်ကားတွေနဲ့ အငူမှော် ဆိပ်ကမ်းနဲ့ အလယ်သံကျော်ဆိပ်ကမ်းတွေမှာ အင်အားဖြည့်တင်းနေတာရှိသလို အရပ်ဘက်ကားတွေအသုံးပြုပြီးလည်း စစ်တပ်က အင်အားဖြည့်တင်းတာတွေရှိနေ တယ်လို့ဒေသခံတွေက ပြောပါတယ်။