close

လက်ပံတန်းတွင် အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့ပေါ်မှာနေတဲ့ အမျိုးသမီးတယောက်အား PDF ကို လှူဒါန်းတယ်ဆိုပြီး စစ်ကောင်စီတပ်က မေ ၂၁ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတန်း GTC ကျောင်းဆင်း အသက် ၂၄ နှစ်အရွယ် မနှင်းလဲ့နန္ဒာလွင်ကို စစ်ကောင်စီ တပ်က မနေ့ မနက်အစောပိုင်း ၅ နာရီလောက် နေအိမ်မှာ လာဖမ်းသွားတာလို့ ဒေသခံက တဦး က ပြောပါတယ်။

“ဒီလက်ပံတန်းက ရဲတွေ မဟုတ်ဘူး။ တိုင်းက ဆင်းဖမ်းတာတဲ့။ သူ့အရင် နတ်တလင်းမြို့က ကောင်လေးတယောက်ကို ရန်ကုန်ကအပြန်မှာ မှော်ဘီမြို့ကနေစောင့်ပြီး အရင်ဖမ်းတာ၊ အဲ့ဒီ ကောင်လေးရဲ့ ဖုန်းထဲကနေ ခြေရာခံပြီး သူ့ကိုလာဖမ်းတာ။ အခုလည်း မနှင်းလဲ့နန္ဒာလွင်ရဲ့ ဖုန်းက မီးစိမ်းနေတုန်းပဲ၊ သူ့ကိုတည်ပြီး ထပ်ဖမ်းဖို့ ထောင်ထားနေတာလား မသိဘူး။ သူ့ကိုတော့ လတ်တလော လက်ပံတန်းရဲစခန်းမှာပဲ စစ်ကြောရေးလုပ်နေတယ်၊ အိမ်နဲ့တော့ ပေးမတွေ့ဘူး။ ရဲစခန်းက အသိတယောက်ကတော့ သူ့ကို ဆက်သွယ်ရေးပုဒ်မနဲ့တော့ အမှုဖွင့်ထားတယ်လို့ပြောတယ်။ အဓိကက  PDF တွေကို ငွေလှူလို့ ဆိုပြီး ပြောတာပဲ။” 

လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ဗိုလ်ဘုန်းမြင့်လမ်းမှာ မိဘတွေနဲ့အတူနေထိုင်တဲ့ မနှင်းလဲ့နန္ဒာလွင်ကို ရဲတွေ၊ အရပ်၀တ်တွေအပါအဝင် စုစုပေါင်း ၂၀ လောက်က ကားတွေ ဆိုင်ကယ်တွေနဲ့ လာဖမ်းခဲ့တာလို့ မအူကုန်းရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။

“မိဘတွေက ဝိုး၀န်းတောင်းပန်ခဲ့ကြပေမဲ့ ရဲတပ်ဖွဲ့က မိသားစုတစုလုံးရဲ့ ဖုန်းတွေကိုပါ ယူစစ်ဆေးပြီး အိမ်ကိုပါ ချိပ်ပိတ်လိုက်လို့ ရတယ်လို့ လာဖမ်းတဲ့အဖွဲ့က ဦးဆောင်သူ ရဲမှူးက ခြမ်းခြောက်ပြောဆိုခဲ့တယ်။”

//
Up