close

အင်ဒို-ပစိဖိတ် သာယာဝပြောရေး စီးပွားရေးမူဘောင် အမေရိကန်သမ္မတ ချပြ

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ပထမဆုံး အာရှခရီးစဉ်မှာ အင်ဒို-ပစိဖိတ် သာယာဝပြောရေးအတွက် စီးပွားရေးမူဘောင် (IPEF) ကို တိုကျိုမှာ ထုတ်ဖော်ချပြခဲ့ပါတယ်။  

သမ္မတဘိုင်ဒန်ဟာ အာရှမှာ အမေရိကန်ရဲ့စီးပွားရေး ဆက်ဆံမှုဆိုင်ရာ ဆွေးနွေးတဲ့ အစီအစဉ်ကို မေ ၂၃ ရက်မှာ စတင်မိတ်ဆက်လိုက်ပြီး (IPEF) အစီအစဉ်မှာ စတင်ပါဝင်မယ့် ၁၃ နိုင်ငံအနေနဲ့ သူတို့ရဲ့ သဘောတူညီချက်တွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ပုံစံချဖို့နဲ့ တရုတ်တို့ ပူးပေါင်းပါဝင်နိုင်ခွင့် ရှိ၊ မရှိ ဆိုတဲ့အချက်တွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ 

“၂၁ ရာစု စီးပွားရေးရဲ့ အနာဂတ်ကို ကျနော်တို့ ဒေသမှာ.. အင်ဒို-ပစိဖိတ်ဒေသမှာ… အကြီးအကျယ် ရေးသားသွားမှာပါ” လို့ တိုကျိုမှာပြုလုပ်တဲ့ ဖွင့်ပွဲမှာ ဘိုင်ဒန်က ပြောကြားသွားပါတယ်။ 

ဒီသဘောတူညီချက်မှာ အိန္ဒိယ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ အပါအဝင် ပူးပေါင်းပါဝင်တဲ့ နိုင်ငံတွေကို အကောက်ခွန်သက်သာခွင့် မပေးထားကြောင်း၊ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှု ကနေ ထောက်ပံ့ရေးကွင်းဆက် ခံနိုင်ရည်ရှိမှုနဲ့ ဒစ်ဂျစ်တယ်ကုန်သွယ်မှုအထိ အဓိက ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတခု ပေးထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ 

ဘိုင်ဒန်ဟာ အာရှတဝန်းရှိ သဘာဝပတ်ဝန်းကျင်၊ အလုပ်သမားနဲ့ တခြားစံနှုန်းများကို မြှင့်တင်ဖို့ သဘောတူညီချက်ကို လိုလားတာပါ။ IPEF ကို ကနဦး တည်ထောင်သူတွေကတော့ သြစတြေးလျ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ အမေရိကန်တို့ ဖြစ်ပါတယ်။ 

ထူထောင်တဲ့နိုင်ငံတွေဟာ သူတို့လိုက်နာချင်ကြတဲ့ စံနှုန်းတွေ၊ အဲဒီစံနှုန်းတွေကို ဘယ်သို့ဘယ်ပုံ လိုက်နာကြမယ် ဆိုတာတွေနဲ့ ဒီစံနှုန်းတွေကိုလည်း အဲဒီနိုင်ငံတွေရဲ့ ပြည်တွင်းဥပဒေပြုလွှတ်တော်တွေက အတည်ပြုဖို့ လို မလို စတာတွေအပြင် တရုတ်နိုင်ငံ အပါအဝင် အလားအလာရှိသော အဖွဲ့ဝင်တွေကိုလည်း ဘယ်လိုထည့်သွင်းစဉ်းစားမယ် ဆိုတာတွေကို ညှိနှိုင်းဖို့ လိုလိမ့်မယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောပါတယ်။ 

ဝါရှင်တန်ဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာ နိုင်ငံစုံ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး သဘောတူညီချက်ကနေ နုတ်ထွက်ပြီးကတည်းက သူ့ရဲ့အင်ဒို-ပစိဖိတ် ထိတွေ့ဆက်ဆံမှုမှာ စီးပွားရေးမဏ္ဍိုင်တစ်ခု လျော့သွားခဲ့ပြီး သူ့ရဲ့သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ သူ့ရဲ့အဓိကပြိုင်ဘက် တရုတ်နိုင်ငံကို အနိုင်ရရေး လုပ်ဆောင်ခဲ့ပါတယ်။ 

//
Up