close

စဉ့်ကူးမြို့နယ်၌ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်ဆေးမှုများကြောင့် လမ်းပိတ်နေ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-ဗန်းမော်ကားလမ်းပေါ်က ငွေတောင်ကျေးရွာအနီးမှာ  မေ ၃၀ ရက်၊ မနက် ၈ နာရီလောက်က  စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ နယ်ခံတွေထံက သိရပါတယ်။

လက်ပံလှကျေးရွာရဲ့တောင်ဘက် ရွာတော်လေး၊ ငွေတောင်ကျေးရွာနဲ့ ညောင်ဝန်းကျေးရွာအကြား ကားလမ်းပေါ်မှာ မိုးကုတ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီကားလေးစီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အသေအပျောက် မသိရသေးပေမဲ့ မိုင်းကွဲမှုကြောင့် ဒဏ်ရာရသူတွေကို နာရေးကားနဲ့ လာတင်သွားတာလို့ စဉ့်ကူးနယ်ခံက ပြောပါတယ်။

စဉ့်ကူးမြို့ခံ ပြည်သူတစ်ဦးက"စစ်ကားပေါ်ပါလာတဲ့ မသေတဲ့လူတွေ၊ မထိတဲ့လူတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဘေးနားကရွာတွေကို အကုန် ရမ်းပစ်နေတာ"လို့လည်း ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် အဆိုပါနေရာတဝိုက် လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာ၊ ဖုန်းလိုင်းတွေဖြတ်တောက်တာ၊ အနီးအနားက ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ ကားလမ်းတွေကိုလည်း ပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရွှေပြည်-ပြည်စိုးအောင်-လက်ပန်လှ ကျေးရွာလမ်းကြောကို ပိတ်ဆို့ စစ်ဆေးနေတဲ့အတွက် ဒီကနေ့ မွန်းလွဲပိုင်းအထိ ခရီးသွားယာဉ်တွေ ရပ်နားနေခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo Credit

//
Up