close

အီဂျစ်တွင် ရှေ့ဟောင်းခေါင်းတလားနှင့် နတ်ကြေးရုပ်များ ဖော်ထုတ်တွေ့ ရှိ

အီဂျစ်မြို့တော် ကိုင်ရိုနားက ရှေးဟောင်းသုတေသီတွေဟာ ရာချီတဲ့ ရှေးဟောင်း အီဂျစ် ခေါင်းတလားတွေနဲ့ နတ်ဘုရားတွေရဲ့ ကြေးရုပ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

ဂီဇာစီရင်စုထဲက ဆက်ခါရာ ရွာအတွင်း နတ်ရုပ်တွေပါတဲ့ သင်္ချိုင်းကို တွေ့ခဲ့တာပါ။ ဆက်ခါရာ ပိရမစ်ကို တည်ဆောက်ခဲ့တဲ့ ဗိသုကာ အီမိုထပ်ရဲ့ ခေါင်းမပါတဲ့ ရုပ်တုကိုလည်း တွေ့ခဲ့တယ်လို့ အီဂျစ်ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်း သုတေသန ဝန်ကြီးဌာနက မေ ၃၀ ရက်မှာ ပြောပါတယ်။

ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၅၀၀ လောက်က ခေါင်းတလား ၂၅၀ နဲ့ ကြေးရုပ် ၁၅၀ အပြင် တခြားပစ္စည်းတွေကို တွေ့ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

နတ်ဘုရားမ အိုက်ဇစ်ကို ပူဇော်ရာမှာသုံးတဲ့ ကြေးအိုးကြေးခွက်တွေနဲ့ ဆစ်ထရမ်လို့ ခေါ်တဲ့ ဂီတ တူရိယာတခုလည်း တွေ့တဲ့ပစ္စည်းတွေထဲမှာ ပါပါတယ်။

တွင်းထဲမှာ မြှုပ်မထားတဲ့ ဆေးခြယ်ထားတဲ့ သစ်သားခေါင်းတလားတွေထဲမှာ ဆေးစိမ် ကြပ်စည်း ထားတဲ့ အလောင်းတွေ၊ အဆောင်လက်ဖွဲ့တွေနဲ့ သစ်သားသေတ္တာတွေ ပါပါတယ်။

နက်ဖ်သစ်စ်နဲ့ အိုက်ဇက်စ်နတ်ဘုရားတွေရဲ့ သစ်သားရုပ်တုတွေကိုလည်း မျက်နှာမှာ ရွှေဆေး ခြယ်လျက်သား တွေ့ခဲ့ပါသေးတယ်။

ခေါင်းတလား တခုထဲမှာတော့ သေမင်းရဲ့ ကျမ်းစာဖြစ်နိုင်တယ်ဆိုတဲ့ အရုပ်စာတွေနဲ့ ရေးထားတဲ့ ကျူရိုးနဲ့ လုပ်ထားတဲ့ စာအုပ်တအုပ်ကို တွေ့ခဲ့ပြီး လေ့လာဖို့ ကိုင်ရိုမြို့တော်က အီဂျစ်ပြတိုက် ဓာတ်ခွဲခန်းဆီ ပို့ထားတယ်လို့ ရှေးဟောင်းပစ္စည်းဆိုင်ရာ အထူးကောင်စီ အတွင်းရေးမှူးချုပ် မိုစတာဖှာ ဝါဇီရီက ပြောပါတယ်။

လက်ကောက်တွေ နားဆွဲတွေအပြင် မျက်လုံးဆိုးဆေးဘူးတွေပါတဲ့ အလှပြင်ပစ္စည်းတွေကိုလည်း တွေ့ခဲ့ပါသေးတယ်။

ခေါင်းတလားတွေကို ဂီဇာအရပ်က ပိရမစ်ကြီးတွေနားမှာ ဆောက်လုပ်နေဆဲဖြစ်ပြီး ဒီနှစ်နှောင်း ပိုင်း ဖွင့်လှစ်မယ့် Grand Egyptian ပြတိုက်မှာ ခင်းကျင်းပြသဖို့ လွှဲပေးမှာပါ။

ဂီဇာပိရမစ်တွေရဲ့ တောင်ပိုင်းမှာရှိတဲ့ ဆက်ခါရာ ရွာဟာ ၂၀၁၈ ကတည်းကနေ အခုနှစ်အထိ ရှေးဟောင်းပစ္စည်းတွေ ဆက်တိုက် တူးဖော်တွေ့ရှိတဲ့ နေရာ ဖြစ်လာနေပါတယ်။

//
Up