အီဂျစ်တိုက်စစ်မှူး ဆာလက် ပင်နယ်တီမကန်ခင် လေဆာမီးဖြင့် နှောင့်ယှက်ခံခဲ့ရ

အီဂျစ်အသင်းက ဆီနီဂေါအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ တိုက်စစ်မှူး ဆာလက်ဟာ အိမ်ရှင် ဆီနီဂေါပရိသတ်တွေရဲ့ လေဆာမီးနဲ့ နှောင့်ယှက်ခံခဲ့ရပါတယ်။
ပထမအကျော့က ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အီဂျစ်ဟာ ဒုတိယအကျော့မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ နှစ်ကျော့ပေါင်း ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အဲဒီနောက် အချိန်ပို ဆက်ကစားရမှာလည်း အရှုံးအနိုင် အဖြေမပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။
ဆီနီဂေါရဲ့ ပထမဆုံး ပင်နယ်တီကို နောက်ခံလူ ကူလီဘာလီ ကန်သွင်းရာမှာ လွဲချော်ခဲ့ပြီး အီဂျစ်ဘက်က ဆာလက်က ပထမဆုံး ပင်နယ်တီ ကန်သွင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆာလက်ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်တခုလုံးကို ဆီနီဂေါပရိသတ်တွေက လေဆာမီးတွေနဲ့ ထိုးခဲ့ကြတာပါ။ အဲဒီနောက် ပထမဆုံးပင်နယ်တီကို ဆာလက် ကန်သွင်းရာမှာတော့ ဂိုးမဝင်ခဲ့ပါဘူး။
ပင်နယ်တီ အဆုံးအဖြတ်မှာ နှစ်သင်းစလုံးက ပထမနဲ့ ဒုတိယ ပင်နယ်တီတွေကို ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့ပေမယ့် ဆီနီဂေါက နောက်ထပ် ၃ ကြိမ်ကန်သွင်းရာမှာ ၃ ကြိမ်လုံး ဂိုးဝင်ခဲ့ပေမယ့် အီဂျစ်ဘက်က ၁ ကြိမ်သာ ဂိုးဝင်ခဲ့ပါတယ်။
ဆီနီဂေါအတွက် နောက်ဆုံးပင်နယ်တီကို တိုက်စစ်မှူး မာနေးက ကန်သွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက အာဖရိကဖလား ဗိုလ်လုပွဲမှာလည်း ဆီနီဂေါကပဲ အီဂျစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။