အင်္ဂလန်လူစာရင်းက ၃ သင်းစာအထိရှိနေဟု ဂျာမနီကွင်းလယ်လူ ဂွမ်ဒိုဂမ်ချီးကျူး

အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းက သုံးသင်းစာအထိရှိနေကြောင်း ဂျာမနီကွင်းလယ်လူ ဂွမ်ဒိုဂမ် ကချီးကျူးသွားပါတယ်။
ဂျာမနီဟာ ဇွန် ၈ ရက်မနက်က နေးရှင်းလိဂ် အုပ်စုပွဲစဉ် အနေနဲ့ အင်္ဂလန်အသင်းကို အိမ်ကွင်းမှာလက်ခံကစားသွားရမှာပါ။
ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အင်္ဂလန်အသင်းရဲ့ လူစာရင်းတောင့်တင်းမှုကို ဂွမ်ဒိုဂမ်က ချီးကျူးခဲ့ပြီး ဂျာမနီအသင်းအနေနဲ့ ပြင်ဆင်မှုတွေသေချာလုပ်ဆောင်ဖို့လိုအပ်ကြောင်း ပြောပါတယ်။
အင်္ဂလန်အသင်းက အလွန်တောင့်တင်းတဲ့လူစာရင်းပိုင်ဆိုင်ထားတယ်။ ပွဲထွက် ၁၁ ဦးစာရင်းမှာ တစ်နေရာကို မတူညီတဲ့ ကစားသမား ၃ ဦး အထိ အလွယ်တကူပွဲထွက်လို့ရကြောင်း၊ အဲဒီလို အင်အားတောင့်တင်းမှုကို စိန်ခေါ်နိုင်ဖို့အတွက် အသင်းဘက်ကလည်း သေချာပြင်ဆင်ထားဖို့ လိုအပ်ပြီး သူတို့ရဲ့ စိတ်ပြင်းပြမှုကို လိုက်မီဖို့လိုကြောင်း၊ ဖျက်ထုတ်မှုတွေသေချာလုပ်ဖို့လိုပြီး ကြံ့ခိုင်မှုပိုင်းဆိုင်ရာကလည်း ဒီပွဲမှာ အရေးပါတဲ့အချက်ဖြစ်လာလိမ့်မှာဖြစ်ကြောင်း မန်စီးတီးကွင်းလယ်လူ ဂွမ်ဒိုဂမ် ကပြောပါတယ်။
ဂျာမနီနည်းပြ ဟန်ဆီဖလစ်ခ်ကတော့ ဂျာမန်ကစားသမားတွေဟာ ပရီးမီးယားလိဂ် မှာပြောင်းရွှေ့ကစားနေကြလို့ ခြေစွမ်းတိုးတက်လာတယ်လို့ ချီးကျူးသွားပါတယ်။