အိန္ဒိယ- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မြန်မာ တက်ခွင့်မရ

လာမယ့်အပတ်ထဲမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်တွေ့ဆုံမယ့်အစည်းအဝေးမှာ မြန်မာနိုင်ငံကို မဖိတ်ခေါ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးအရကိုယ်စားပြုခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေကိုပဲ မြန်မာနိုင်ငံကိုယ်စား အာဆီယံ အစည်းအဝေးတွေမှာ ဖိတ်ခေါ်ရမယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား သဘောတူညီထားကြတာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးမဟုတ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတစ်ယောက်တက်ရောက်ဖို့ အိန္ဒိယဘက်က မြန်မာနိုင်ငံကို ဖိတ်ကြားထားတယ်လို့ အိန္ဒိယ The Economic Times သတင်းစာမှာ ဖော်ပြထားတာတွေ့ရပါတယ်။
အခြေအနေတွေက ဆွေးနွေးနေဆဲဖြစ်ပြီး အပြောင်းအလဲတွေရှိနေသေးတယ်လို့လည်း သံတမန်အရင်းမြစ်တစ်ခုကနေသိရကြောင်း ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာစစ်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ရေရာတဲ့ဆုံးဖြတ်ချက်တခု မချနိုင်သေးဘူးလို့လည်းဆိုပါတယ်။
မြန်မာအရေးနဲ့ ပတ်သက်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်း တို့ကမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ် စိုးရိမ်နေပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ကတော့ ထုံးစံအတိုင်း အဖွဲ့အစည်းအားလုံးဆွေးနွေးညှိနှိုင်းကြဖို့ ကြေညာချက်တွေပဲ ထုတ်ပြန်တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ အင်ဒိုနီးရှား ဂျကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များအစည်းအဝေးက ထွက်ရှိလာခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း တနှစ်ကျော်ကြာလာတဲ့အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပဲ နိုင်ငံကိုတည်ငြိမ်အောင်မ ဆောင်ရွက်နိုင်သေးပါဘူး။
နိုင်ငံရဲ့အရှေ့မြောက်ဘက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ ၁၆၄၀ ကီလိုမီတာ အရှည်ရှိတဲ့နယ်စပ်မျဉ်းကို မျှဝေပိုင်ဆိုင်ထားတဲ့ အိန္ဒိယဟာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ထောက်ခံခြင်းမရှိဘဲ လက်ရှောင်နေခဲ့တာဖြစ်ပါတယ်။
အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာကိုအသုံးချပြီး အိန္ဒိယရဲ့နယ်မြေဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယ သမုဒ္ဒရာထဲကို ခြေဆန့်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။
အိန္ဒိယဟာ ကာလကတ္တားကနေ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ကာ မြန်မာနိုင်ငံ စစ်တွေကနေတဆင့် သူ့နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသတွေကိုဆက်သွယ်မယ့် ကုလားတန်ဘက်စုံဆိပ်ကမ်းစီမံကိန်းတစ်ခုနဲ့ ကီလိုမီတာ ၁၃၆၀ အရှည်ရှိ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမ စီမံကိန်းတစ်ခုတို့ကို မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်ပြန်လည်စတင်ဖို့ အိန္ဒိယကတိုက်တွန်းခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယက ကြားနေခဲ့တယ်လို့ အိန္ဒိယ သတင်းစာမှာ ဖော်ပြထားပါတယ်။