close

အာဖရိကတွင် မျောက်ကျောက်ရောဂါ လူနာ ၁,၄၀၀ ကျော်ရှိလာ

အာဖရိကနိုင်ငံတွေမှာ အခုအချိန်အထိ မျောက်ကျောက်ရောဂါ (monkeypox) လူနာပေါင်း ၁,၄၀၀ ကျော်ကို တွေ့ရှိထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က  ပြောပါတယ်။

မျောက်ကျောက်ရောဂါ အန္တရာယ်ဟာ တခြားနိုင်ငံတွေအတွက်လည်း စိုးရိမ်စရာ ဖြစ်လာနေပြီး အခုအချိန်အထိတော့ ကြိုတင်ကာကွယ်နိုင်တဲ့ အနေအထားမှာ ရှိနေသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုးစ် အာဒါနွန် ဂီဘရီယေးဆက်စ်က ဂျနီဗာမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မေလကစပြီး အခုအချိန်အထိ ၂၉ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို တွေ့ရကာ ဒီနှစ်ထဲမှာ အာဖရိကတိုက်မှာ  မျောက်ကျောက်သံသယလူနာ ၁,၄၀၀ အထိ တွေ့ရှိခဲ့ရပြီး ၆၆ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မျောက်ကျောက်ရောဂါဟာ အခုအချိန်မှာတော့ ဝင်ငွေမြင့်တဲ့နိုင်ငံတွေမှာလည်း တွေ့ရှိလာရလို့ ဂရုစိုက်ဖို့လိုနေပြီး တချို့နိုင်ငံတွေမှာ လူလူချင်း ကူးစက်မှုကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ လေကတဆင့် ကူးစက်တာမျိုးတော့ သေချာမသိရသးဘူးလို့ WHO ရဲ့ မျောက်ကျောက်ရောဂါဌာန အကြီးအကဲ ရိုဆာမန် လူဝစ်က ပြောပါတယ်။

မျောက်ကျောက်ရောဂါဖြစ်လာရင် အိမ်မှာ သီးသန့်နေထိုင်ဖို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က အကြံပြုထားပါတယ်။

မျောက်ကျောက်ရောဂါလူနာကို ကုသမှုပေးတဲ့ ဆေးဝန်ထမ်းတွေအနေနဲ့ နှာခေါင်းစည်းတပ်ဖို့ လိုတယ်လို့လည်း အကြံပြုထားပါတယ်။ ဒီရောဂါဟာ ယောကျ်ားချင်း လိင်ဆက်ဆံတဲ့ အမျိုးသားတွေကြားမှာ အများဆုံးတွေ့ရပြီး အမျိုးသမီးတွေ ကူးစက်တာလည်း ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

//
Up