close

လေးကေ့ကော်စစ်ဘေးရှောင်များအတွက် BGF က ရိက္ခာနှင့်ငွေ ထောက်ပံ့

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်အနီး ကျေးရွာတွေရှိ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်ဘေးရှောင် ကျောင်းဆရာဆရာမတွေအတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ စားသောက်ကုန်နဲ့ ငွေသားတွေကို နယ်ခြားစောင့်တပ် တပ်နယ်အမှတ် (၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးစောတင်ဝင်းက ဦးဆောင်ပြီး ဖလူးကြီးရွာ ဘုရားကျောင်းဆောင်မှာ  ဇွန် ၁၀ ရက်က ပေးအပ်ထောက်ပံ့သွားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကျူးကျော်တိုက်ပွဲကြောင့် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ရွာ ထီးမဲ့ဝါးခီးရွာနဲ့ တခြားရွာ ၁၀ ကျော်မှာ ကျေးရွာသားတွေ  စားရေးအခက်ခဲနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

ကျေးရွာသူ ကျေးရွာသားတွေကတော့ တောင်ယာပြန်လုပ်ခွင့်ပေးဖို့ တောင်ဆိုထားတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေအတွက် လေးကေ့ကော်မြို့သစ် အတွင်းရေးမှူး စောဖတရားက  ဆန်အိတ် ၁၀၀၀၊ ဆီဖာ ၃၀၀ ပေးအပ်ခဲ့သလို  ကျောင်းဆရာဆရာမ ၇၈ ဦး အတွက်လည်း ထောက်ပံ့ငွေတွေပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မိမိနေရပ်ပြန်ပြီး နေထိုင်နိုင်ဖို့ တက်နိုင်တဲ့ဘက်က  ကူညီဆောင်ရွက်ပေးမယ်လို့ ဗိုလ်မှူးကြီး စောတင်ဝင်းက ပြောပါတယ်။ 

စစ်ရှောင်ပြည်သူတွေအတွက်  ငွေနဲ့ ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာဖြစ်ပြီး  လစဉ်ပံ့ပိုးပေဖို့ အစဉ်ရှိတယ်လို့ ဗိုလ်မှူးကြီးစောတင်ဝင်းရဲ့ ဇနီးက ပြောပါတယ်။

လေးကေ့ကော်မြို့သစ်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာလက စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာချိန်ကတည်းက တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး  ဒေသခံ ပြည်သူ သောင်းချီ နေရပ်စွန့်ခွာ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

//
Up