close

မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက် အနောက်၊ မချောလေးတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၂၉ ရက် ဒီမနက် ၁၀ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ သတင်းရင်းမြစ်ထံက သိရပါတယ်။

မြဝတီမြို့ တောင်ဘက် ၁ မိုင်လောက်အကွာ တောင်ကျော်အနီးမှာ KNLA၊ KNDO၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် မြို့အဝင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ကေအန်ယူတပ်ဖွဲ့ဝင်တဦးက “ဒီကုန်းမှာက စကစနဲ့ BGF ပူးပေါင်းထိုင်နေတာ။ မနက် ၁၀ နာရီလောက်ကစပြီး ဝင်တိုက်နေတာ။ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေ ဖိသုံးနေတော့ တိုက်ပွဲက ပိုပြင်းထန်နေတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲကြောင့် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်နဲ့ အနီးဝန်းကျင်က အရပ်သား ပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ် အသံပေါင်းစုံ ကြားနေရပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒီနေ့မနက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာနဲ့ ခလယ်ရွာလေးကြားမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးဝန်းကျင် နေအိမ်တွေက ကျေးရွာသား အယောက် ၂၀ လောက်ကို ဖမ်းဆီးထားကာ ဓားစာခံအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်စခန်းတချို့ သိမ်းပိုက်ခံရတာတွေလည်း ရှိနေပါတယ်။

ဧပြီ ၂၈ ရက်ကလည်း ကရင်ပြည်နယ် ဖာပွန်ခရိုင် သံလွင်မြစ်ကမ်းနံဘေးက နာမည်ကြီး စစ်ကောင်စီရဲ့ တပ်စခန်းတခုဖြစ်တဲ့ ကျောက်ညှပ်စခန်းကို KNLA တပ်မဟာ ၅ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဆိုပါစခန်း ကျပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ လာရောက် ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းအနီးနေထိုင်တဲ့ အရပ်သားပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကေအန်ယူအနေနဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ခဲ့တဲ့အပြင် အုပ်ချုပ်ရေးနယ်မြေတွေပါ တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နေသလို ဆက်လက်ပြီး နယ်မြေအားလုံး ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ကေအန်ယူ တာဝန်ရှိသူတဦးက ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up