close

ဖားကန့် မက်လင်ချောင်ရွာသားများ စစ်တပ်ဖမ်းဆီးမှုကြောင့် မိုးထဲရေထဲ ထွက်ပြေးနေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့  သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါအဝင် ရွာသား ၂၁ ယောက် ဘယ်မှာ ချုပ်နှောင်ခံနေရတယ်ဆိုတာ အဆက်အသွယ်မရဖြစ်နေပြီး ကျန်တဲ့ရွာသားတွေနဲ့ ရေမဆေးကျောက်ရှာသူတွေလည်း ရွာထဲမှာမနေရဲတော့ပဲ မိုးထဲရေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု အထက်မက်လင်ချောင်ကျေးရွာက ရွာသား ၂၁ ယောက်ကို  စစ်တပ်နဲ့ စရဖ၊ ပျူစောထီးအဖွဲ့တွေက ဇွန်လ ၁၀ ရက်ညက နေအိမ်တွေကို ဝင်ရောက်စီးနင်းထားပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့  မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။  

စစ်သားအင်အား ၁၀၀ လောက်နဲ့  မက်လင်ချောင်ရွာပတ်ပတ်လည်မှာ ကင်ပုန်းတွေချထားပြီး စစ်သားအယောက် ၂၀ လောက်က  ရွာထဲက အိမ်တချို့ကို ဝင်ရောက်စီးနင်းကာ ရေမဆေးကျောက်ရှာသူတွေနဲ့ သူတို့မိသားစုတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ နာမကျန်းဖြစ်နေတဲ့ အသက် ၇၅ နှစ်အရွယ် အဘိုးအဘွားတွေ ပါဝင်သလို သုံးနှစ်အရွယ်ကလေးနှစ်ယောက် အပါအဝင် အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ယောက်  ပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။     

ဖမ်းဆီးခံထားရတဲ့ ရွာသားတွေဟာ ရွာအောက်ပိုင်းမှာ သူတို့ရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် ရွာအထက်ပိုင်းရှိ သူတို့ရဲ့ဆွေမျိုးတွေထံ လာရောက်နေထိုင်ပြီး ရေမဆေးကျောက်ရှာဖွေနေသူတွေဖြစ်တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။ 

အခုလို မက်လင်ချောင်ရွာသားတွေကို ဖမ်းဆီးတာဟာ မေလ ၃၁ ရက်ညက  စစ်တပ်သတင်ပေး ပျူစောထီးခေါင်းဆောင် မက်လင်ချောင်ကျေးရွာ ရာအိမ်မှူး အုံးကျော်နဲ့ အပေါင်းပါ လေးယောက် အသတ်ခံရမှုတာကြောင့် လိုက်လံဖမ်းဆီးနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောပါတယ်။  

မက်လင်ချောင်ရွာသားတဦးက "သူတို့က တွေ့တဲ့လူတွေကို သူတို့ စိတ်မထင်ရင် မထင်သလိုဖမ်းတာဗျ။ ကလေးပေါက်စတွေ သက်ကြီးရွယ်အိုတွေလည်း မရှောင်ဘူးအကုန်ဖမ်းတာဗျာ။ ဘယ်သူနေရဲတော့မှာလဲ။ အကုန်ပြေးကြရုံရှိတာပေါ့"လို့ ပြောပါတယ်။

အခုရက်ပိုင်း ဖားကန့်မှာ နေ့စဉ် မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဥရုချောင်းရေလည်း မြင့်တက်နေပြီး ရေကြီးရေလျှံနေလို့ ဒေသခံ ရွာသားတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

//
Up