close

လားရှိုးနှင့် ကွတ်ခိုင်တွင် စက်သုံးဆီဆိုင်အများစု ဆီပြတ်လပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်အများစုမှာ ဆီပြတ်လပ်နေပြီး ဆိုင်အနည်းငယ်လောက်မှာသာ  ရောင်းချပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတစ်ဦးက “လားရှိုးမှာရှိတဲ့ ဆီဆိုင်အများစုကတော့  ဆီပြတ်လို့ ပိတ်ထားတာတွေရှိတယ်။ ဆီရောင်းတဲ့ ဆိုင်အနည်းစုကလည်း ဆိုင်ကယ်တစ်စီးဆို 92 သုံးထောင်ဖိုးပဲ ရောင်းပေးတယ်။ ကားဆို ဆီနှစ်သောင်းဖိုးပဲ ထည့်ပေးတယ်။ အရင်လို  စိတ်ကြိုက်ထည့်မရတော့ဘူး” လို့ ပြောပါတယ်။ 

ဒါ့အပြင် ကွတ်ခိုင်မြို့ပေါ်ရှိတဲ့ ရတနာမိုး၊ အောင်ချမ်းသာ၊ ဝမ်လီ ပန့်ဆီဆိုင်ကြီးတွေလည်း ဆီပြတ်လပ်လို့ ပိတ်ထားရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ကွတ်ခိုင်က ပန့်ဆီဆိုင်ကြီးတွေ ပိတ်ထားတယ်။ အရင်ကဆို တရုတ်နိုင်ငံဘက်ကလာတဲ့ ဆီတွေ ရောင်းတာရှိတယ်။ အခုက ဗမာဆီကော တရုတ်ဆီပါ ထည့်ဖို့ ခက်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ သီပေါမြို့တွေမှာ  95 ဓာတ်ဆီ တစ်လီတာ ၂၇၆၀ ကျပ်၊ 92 ဓာတ်ဆီ တစ်လီတာ ၂၇၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီးကတော့  လောင်စာဆီတွေ အလျှံအပယ်သိုလှောင်ထားတာ ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတဲ့ သတင်းထောက်ကို  စိန်ခေါ်ပြောဆိုခဲ့ပါတယ်။

//
Up