close

မြောက်ကိုရီးယားတွင် အူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါတမျိုး ဖြစ်ပွားနေ

မြောက်ကိုရီးယားနိုင်ငံမှာ အမျိုးအမည်မသိ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါတမျိုး ဖြစ်ပွားနေတယ်လို့ ဇွန် ၁၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ မကြုံစဘူး ကိုဗစ်-၁၉ ရောဂါကူးစက်မှုလှိုင်းကို တွန်းလှန်နေရတဲ့ အထီးကျန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ရောဂါမျိုးကွဲတွေ ထပ်တိုးလာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြင်းထန်တဲ့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ ခံစားနေရတဲ့ လူနာတွေကို အမြန်ဆုံး ကူညီပေးနိုင်ဖို့ ဇွန် ၁၅ ရက်က အနောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ဟဲဂျူမြို့ကို ဆေးဝါးတွေ ပေးပို့ခဲ့ကြောင်း အစိုးရပိုင်ရုပ်မြင်သံကြား ကေအာတီအရ သိရပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ်-၁၉ကူးစက်မှု ပထမလှိုင်းကို ကိုင်တွယ်ဖြေရှင်းနေချိန်မှာပဲ အခုကပ်ရောဂါ ထပ်ဖြစ်ပွားခဲ့တာပါ။

ကာကွယ်ဆေးနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပြတ်တောက်မှုအပေါ် စိုးရိမ်မှုတွေ ရှိနေတဲ့ကြားမှာ ပြီးခဲ့တဲ့လက နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အဖျားရောဂါလက္ခဏာပြသူ ၂၆,၀၁၀ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဇွန် ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး ဧပြီလနှောင်းပိုင်းကစလို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အဖျားရောဂါ ဖြစ်ပွားသူဦးရေ စုစုပေါင်း ၄ ဒသမ ၅၆ သန်းနီးပါး ရှိလာပြီလို့ ဆိုပါတယ်။ ကပ်ရောဂါနဲ့ဆက်စပ်ပြီး သေဆုံးသူ ၇၃ ဦး ရှိပါတယ်။

//
Up