close

အင်တာနက်နှင့် ဖုန်းလိုင်းများပြန်မဖွင့်ပေးသဖြင့် MPT တာဝါတိုင်ကို ထီးလင်း PDF ဖြိုချ

ဆက်သွယ်ရေးကုမ္ပဏီတွေဟာ သတိပေးချက်ကိုလိုက်နာမှုမရှိတဲ့အပြင်  ပြည်သူ့မျက်နှာ မကြည့်ဘဲ စစ်ကောင်စီအလိုကျ ပြည်သူတွေကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့အတွက် မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇွန် ၁၈ ရက်က  MPT တာဝါတိုင်တတိုင်ကို  ဖြိုချဖျက်ဆီးလိုက်တယ်လို့ ထီးလင်း PDF က ပြောပါတယ်။

ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "ကျနော်တို့ ထီးလင်းနယ်မှာ အင်တာနက်လိုင်း ဖြတ်ခံရတာ ၈ လကျော်ပြီ။ ဒေသခံတွေ အခက်အခဲတွေဖြစ်ကြတယ်။ ငွေလွှဲဝန်ဆောင်မှုတွေရော သတင်းအချက်အလက်တွေမသိကြရတာ။ ‌ဒါကြောင့်မို့ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးဖို့ သတိပေးခဲ့တယ်။ သူတို့ကလိုက်နာခြင်းမရှိဘူး။ စစ်ကောင်စီ‌တပ်တွေ စစ်ကြောင်းရှိတဲ့ အခါဆိုရင် ဖုန်းလိုင်းတွေဖြတ်တယ်။"လို့ ပြောပါတယ်

တောင်းဆိုချက်ကို မလိုက်နာတဲ့ ထီးလင်းမြို့နယ်တွင်းရှိ ကျန်ရှိနေသေးတဲ့ ဆက်သွယ်ရေး တာဝါတိုင်းတွေအားလုံးကို တစ်စစီဖြိုချကာ တော်လှန်ရေးအတွက်အသုံးချသွားမယ်လို့ PDF ထီးလင်းက ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက အင်တာနက်ကိုအချိန် အကန့်အသတ်နဲ့ပဲ ရရှိကာ စက်တင်ဘာလဆန်းကစလို့  အင်တာနက်လုံးဝ ဖြတ်တောက်ခြင်းခံခဲ့ရပါတယ်။

ထီးလင်းမြို့နယ် ဧရိယာ ၅၀ ရာခိုင်နှုန်းလောက်သာ ပုံမှန်ဖုန်းလိုင်းရရှိပြီး စစ်ကြောင်းတွေထိုးတဲ့အချိန်တိုင်း ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရပြီး ပြည်သူအများသတင်းမရရှိဘဲ အခက်အခဲကြုံနေကြရပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ ပြည်သူ့မျက်နှာ မကြည့်ဘဲ စစ်ကောင်စီအလိုကျ အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်နေတာတွေကို ချက်ချင်းရပ်တန့်ပြီး  ထီးလင်းတမြို့နယ်လုံးမှာ အင်တာနက်ပြန်ဖွင့်ပေးဖို့  PDFထီးလင်းက မေလ ၁၂ ရက်မှာ သတိပေး တောင်းဆိုခဲ့ပါတယ်။

//
Up