ယူကရိန်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် အမေရိကန်နိုင်ငံသား ၂ ဦး၏ဓာတ်ပုံ ရုရှားမီဒီယာ ပြသ

ယူကရိန်းနဲ့တိုက်ပွဲအတွင်း ဖမ်းမိတဲ့ အမေရိကန်နိုင်ငံသား ၂ ယောက်လို့ ပြောထားတဲ့ လူ ၂ ယောက်ရဲ့ ပုံတွေကို ရုရှားမီဒီယာက ဇွန် ၁၇ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဒါဟာ စစ်သုံ့ပန်းအဖြစ် ပထမဆုံး အတည်ပြုချက် ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
အလာဘားမားပြည်နယ် ဟာ့တ်ဆယ်လေမြို့က အသက် ၂၇ နှစ်အရွယ် အန်ဒီ ဟိုင်နဲ့ တက်စ်ကာလူဆာမြို့က အသက် ၃၉ နှစ်အရွယ် အလက်ဇန်းဒါး ဒရူအယ်ကေတို့နဲ့ အကျဉ်းချုံး လူတွေ့ မေးမြန်းခန်းလို့ ပြောတဲ့ ရုပ်သံကို ရုရှားရုပ်သံ ရော့စီယာဝမ်းက ထုတ်လွှင့်ပြသခဲ့တာပါ။
သူတို့ ၂ ယောက်ဟာ ယူကရိန်းနိုင်ငံထဲမှာ ပျောက်နေတာ သီတင်းပတ်တပတ် ရှိပြီး အကျဉ်းသားအဖြစ် အဖမ်းခံ ထားရမှာ စိုးရိမ်နေခဲ့တာလို့ သူတို့ရဲ့ မိသားစုတွေက ဇွန် ၁၅ ရက်မှာ ပြောပါတယ်။
တယ်လီဂရမ် အက်ပ်ထဲမှာ တင်ထားတဲ့ ၆စက္ကန့်စီ ကြာတဲ့ ရုပ်သံတွေထဲမှာ မုတ်ဆိတ်နဲ့ လူတယောက်က ကျနော့်နာမည် အလက်ဇန်းဒါး ဒရူအေက်ဖြစ်ပြီး စစ်ကို ဆန့်ကျင်တယ်လို့ အမေရိကန်လေသံနဲ့ ပြောထားသလို့ ကျနော် စစ်ကို ဆန့်ကျင်တယ်လို့ ရုရှားဘာသာနဲ့လည်း သူက ထပ်ပြောထားပါတယ်။
ဟိုင်လို့ ရုရှားမီဒီယာကပြောတဲ့ အမျိုးသားကတော့ ကျနော်စစ်ကို ဆန့်ကျင်တယ်လို့ ၂ စက္ကန့်ကြာတဲ့ ရုပ်သံထဲမှာ ပြောထားပါတယ်။
ဒီအစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မတုန့်ပြန်သေးပါဘူး။
ဒီလူတွေ လွတ်လွတ်လပ်လပ် ပြောနေတာလား ဆိုတာကိုရော သူတို့ရဲ့ တယ်လီဂရမ် အကောင့်တွေကိုပါ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာ မရှိသေးပါဘူး။