close

မဲဆောက်တွင် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားခဲ့သည့် လူငယ်ဂိုဏ်းခေါင်းဆောင်များ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူငယ်တွေခိုက်ရန်ဖြစ်ပွား ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က ကျူးလွန်သူတွေကို လိုက်လံစုံစမ်းရှာဖွေ ဖမ်းဆီးနေရာမှာ  ရန်ဘက်နှစ်ဘက်စလုံးရဲ့ ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးရမိပြီလို့  မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့က ဇွန် ၂၀ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ခိုက်ရန်ဖြစ်ပွားတဲ့လူငယ်ဂိုဏ်းနှစ်ဖွဲ့ကတော့  ထုန်ထောင်းအဖွဲ့နဲ့ မဲ့ဝမ်းဝါးရီးအဖွဲ့ဖြစ်ပြီး နဂိုကတည်းက အာဃာတတွေရှိကာ မကြာခဏရန်ဖြစ်ခဲ့ကြောင်း၊ ဇွန်လ ၈ ရက်ည ၈ နာရီလောက်က မဲဆောက်မြို့အဝင် သူရဲကောင်းအထိမ်းအမှတ်ကျောက်တိုင်နားမှာ ရန်စဖြစ်ပြီး မဲဆောက်မြို့ မြူနီစီပါယ်ဧရိယာ ရာ့ချ်ကန်ရတ်ဆဒွန်းတမ်ရီလမ်းထဲရှိ ရန်ဘက်အိမ်ရှေ့မှာ ထပ်ဖြစ်ကာသေနတ်တွေနဲ့ ပစ်ခတ်တာ၊ ဓားနဲ့ထိုးတာတွေလုပ်လို့ လူငယ် ၅ ဦး ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ အမှတ် ၆ တိုင်းဒေသ ရဲမှူးချုပ် အက္ခရာတေချာ့ ဖိလုမ်းဆီက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

တာဝန်ရှိသူတွေက ရန်ဖြစ်တဲ့အဖွဲ့ကို လိုက်လံစုံစမ်းပြီး မဲ့ဝမ်းဝါးရီးအဖွဲ့ခေါင်းဆောင် မိုဟာမက်ဆိုဖီ နဲ့ ထုန်ထောင်းအဖွဲ့ခေါင်းဆောင် ကျော်သူစိုး (ခ) ပဲကြော် (မြန်မာလူငယ်) တို့ကို သက်သေခံပစ္စည်းဖြစ်တဲ့ ၉ မမ ပစ္စတိုတစ်လက်နဲ့အတူ  ဖမ်းဆီးရမိထားပြီး သူတို့အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းတွေလည်း အကုန်ရထားပြီးပြီလို့  ဆိုပါတယ်။

သူတို့နှစ်ဖွဲ့ ရန်ဖြစ်ရတဲ့အကြောင်းရင်းကို စစ်ဆေးမေးမြန်းရာမှာ တဘက်နဲ့တဘက် ထွက်ဆို ချက်ကွဲလွဲမှုရှိနေတာကြောင့်  နောက်ထပ်အချိန်ယူစုံစမ်းစစ်ဆေးရမယ်လို့ ဆိုပါတယ်။ 

လောလောဆယ်တော့ သူတို့ကို လူသတ်မှုဖြစ်မြောက်အောင်ကြံစည်မှု၊ အများပြည်သူ ဆိုင်ရာ နေရာမှာ ခွင့်ပြုချက်မရဘဲ လက်နက်ကိုင်ဆောင်မှု၊ တပါးသူအားထိခိုက်ဒဏ်ရာရအောင် ပြုမူဆောင်ရွက်မှုတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ဆက်လက်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေလည်း ဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်း၊ အရေးယူရုံနဲ့ တင်မပြီးဘဲ နှစ်ဘက်စလုံးနောက်နောက်ခုလို ခိုက်ရန်ဖြစ်ပွားတာမရှိအောင် ၊ ရန်ငြိုးရန်စပြေလည် အောင် ညှိနှိုင်းဆောင်ရွက်ပေးရမယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။ 

မဲဆောက်မှာ အခုလို ခိုက်ရန်ဖြစ်ပွားပြီးတဲ့နောက် မဲဆောက်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ည တိုင်းလို ရပ်ကွက်ထဲမှာ လိုက်လံစစ်ဆေးနေသလို လမ်းဆုံလမ်းခွတွေမှာလည်း စောင့်ကြပ်စစ် ဆေးနေတာကြောင့် အထောက်အထားမပြည့်စုံဘဲ နေထိုင်နေကြတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှာ စိုးရိမ်နေကြပြီး စိတ်အနှောင့်အယှက်ဖြစ်နေရတယ်လို့ မဲဆောက်ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။ 

//
Up