close

ဘီးလင်းတွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ၁ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ကျောင်းဆရာမ သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အစူးချောင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တစ်နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ ကျောင်းဆရာမ သေဆုံးသွားတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ဇွန် ၂၃ ရက် နေ့လယ် ၁ နာရီလောက်မှာ ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီနတ်ကြီးစခန်းကနေ အစူးချောင်းကျေးရွာထဲကို လက်နက်ကြီး ၇ ချက် ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်‌ဟာ အစူးချောင်းကျေးရွာ‌နေ အသက် (၂၅)နှစ်အရွယ် ကျောင်းဆရာမ နော်စန်းစန်းဝင်း(ခ)နော်အေး နေအိမ်ဘေး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးပေါက်ကွဲတာကြောင့် ကျောင်းဆရာမ နော်အေးနဲ့ သူရဲ့ ၁ နှစ် ၂ လသားအရွယ် ကလေးငယ်တို့ ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက်မှာတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းဆရာမ နော်စန်းစန်းဝင်း(ခ)နော်အေးနဲ့ ကလေးငယ်ကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသစဉ် ဇွန် ၂၄ ရက်နေ့ နေ့လယ်ပိုင်းက သေဆုံးသွားခဲ့တာပါ။

အခုဖြစ်စဥ်ဟာ ကေအန်ယူတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဒေသခံလူထုကို စစ်ကောင်စီတပ်က ပစ်မှတ်ထား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ ဖြစ်တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဇွန် ၂၂ ရက်ကလည်း ဘီးလင်းမြို့နယ် စစ်ကောင်စီလေးကေစခန်းကနေ မင်းစောကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

//
Up