close

ထိုင်းတောင်ပိုင်းတွင် မလေးရှားသွားမည့် မြန်မာအလုပ်သမားများ စီးလာသည့်ကား ယာဉ်တိုက်မှုဖြစ်

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ထာ့ချန်းမြို့နယ်ထဲမှာ ဇူလိုင် ၁ ရက် ညနေပိုင်းက မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်မယ့် မြန်မာအလုပ်သမား ၂၃ ဦး လိုက်ပါလာတဲ့ကားတစီး မော်တော်ဆိုင်ကယ်နဲ့ တိုက်မိကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထာ့ချန်းမြို့နယ် ထာ့ခေးအုပ်စု လမ်းလိုင်ရပ်ကွက်အပိုင်းရှိ အမှတ် ၄၁ အာရှလမ်းမကြီးပေါ်မှာ  မနေ့ညနေ ၄ နာရီလောက် ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ အကြောင်းကြားလာတဲ့အတွက် လူနာတင်ယာဉ် ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထာ့ချန်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ ပန်းရောင်ယာမဟာ ဆိုင်ကယ်တစ်စီးဟာ ယာဉ်တိုက်မှုဖြစ်ပွားတဲ့ နေရာနဲ့ ၅၀ မီတာအဝေးကို လွှင့်စင်သွားပြီး ဆိုင်ကယ်မောင်းသူ နိုင်းဖန်းဆာ (ထိုင်းလူမျိုး) မှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဒါ့အပြင် ကားနောက်ခန်းကို ပစ္စည်းတင်ခန်းလို ပြုပြင်ထားတဲ့ အဖြူရောင် အီဇူစူးဒီမက်စ် ဟိုင်းလပ်ကား ၁ စီးမှာလည်း လမ်းဘေးကို ထိုးကျပြီး ဘေးတိုက်လဲကျနေကြောင်း၊ ကားနောက်ခန်း ပစ္စည်းတင်ခန်းထဲမှာတော့ တရားမဝင်မြန်မာအလုပ်သမားတွေ ပိတ်ညှပ်ပြီးလိုက်ပါလာကာ ထိခိုက်ဒဏ်ရာ ရထားပြီး ဏ်ရာပြင်းထန်သူရော၊ မပြင်းထန်သူပါ ပါဝင်တယ်လို့ ဆိုပါတယ်။ 

အခင်းဖြစ်တဲ့နေရာကို ထာ့ချန်းမြို့နယ်အုပ်ချုပ်ရေးမှူးပါရောက်ရှိလာပြီး ဘာသာပြန်နဲ့တဆင့် စစ်ဆေးမေးမြန်းရာမှာ ဟိုင်းလပ်စ်ကားပေါ်ပါလာသူတွေမှာ အမျိုးသမီး၊ အမျိုးသား ၂၃ ဦးရှိပြီး  ရန်ကုန်မြို့ကဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲကို ရနောင်းကနေဝင်ရောက်ကာ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ထိုင်းတောင်ပိုင်းဘက်သို့ ခရီးဆက်စဉ် လမ်းခုလပ်မှာ သူတို့စီးလာတဲ့ကားက စက်ချို့ယွင်းပြီး အရှေ့မှာသွားနေတဲ့ မော်တော်ဆိုင်ကယ် ၁ စီးကို အနောက်ကနေ ဝင်တိုက်ကာ သူတို့ကားလည်း တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။ 

ဟိုင်းလပ်ကားမောင်းသမား ထိုင်းလူမျိုးမှာ ဒဏ်ရာအနည်းငယ်နဲ့ ထွက်ပြေးသွားသလို ကားနောက်ခန်းက လိုက်လာတဲ့ အလုပ်သမားတွေထဲက ပြေးနိုင်တဲ့သူတွေဟာလည်း လမ်းဘေး က ဆီအုန်းခြံထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ် ။ 

မြို့နယ်အုပ်ချုပ်ရေးမှူးက ဒဏ်ရာရသူတွေကို ဆေးရုံအမြန်ပို့ပေးဖို့နဲ့ ထွက်ပြေးသူတွေကို လိုက်လံရှာဖွေဖို့ ညွှန်ကြားပြီး လူကုန်ကူးမှုနဲ့ ပတ်သက်မှုရှိမရှိ ဆက်လက်စုံစမ်းစစ်ဆေးကာ လိုအပ်သလိုအရေးယူသွားမယ်လို့ ပြောသွားပါတယ်။ 

ကိုးကား-MATICHON

//
Up