ရုရှားအလံတင် ကုန်သင်္ဘောကို ဖမ်းဆီးပေးရန် ယူကရိန်းက တူရကီကို တောင်းဆို

ရုရှားသိမ်းပိုက်ထားတဲ့ ဘာဒီယန့်စ်ခ်ဆိပ်ကမ်းကနေ ယူကရိန်းဆန်တွေ ယူဆောင်လာတဲ့ ရုရှားအလံတင်သင်္ဘော ဇီဘက်ခ်ဇိုလိကို ဖမ်းဆီးထိန်းသိမ်းထားဖို့ တူရကီကို တောင်းဆိုခဲ့ကြောင်း ယူကရိန်းအရာရှိရဲ့ ပြောဆိုချက်နဲ့ စာရွက်စာတမ်းတွေကို ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အလေးချိန် ၇,၁၄၆ တန်ချိန်ရှိတဲ့ ဇီဘက်ခ်ဇိုလိ သင်္ဘောဟာ ယူကရိန်းပိုင် ဘာဒီယန့်စ်ခ်မှ စပါးတန်ချိန် ၄,၅၀၀ ကို သယ်ဆောင်ခဲ့တာဖြစ်ကြောင်း နိုင်ငံရဲ့ ရေကြောင်းအုပ်ချုပ်ရေးဌာနမှ ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားပါတယ်။
ဇီဘက်ခ်ဇိုလိဟာ ဇူလိုင် ၁ ရက်က ပင်လယ်နက်ကမ်းရိုးတန်းရှိ တူရကီနိုင်ငံ ကရာဆု ဆိပ်ကမ်းအနီးမှာ ကုန်တွေချဖို့ ကျောက်ချရပ်နား စောင့်ဆိုင်းခဲ့ပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇီဘက်ခ်ဇိုလိ သင်္ဘောရောက်ရှိလာမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်ခြင်း မရှိပါဘူး။
ဇီဘက်ခ်ဇိုလိသင်္ဘောကို ကုမ္ပဏီက ပိုင်ဆိုင်ပေမယ့်လည်း သူ့ကို ပိတ်ဆို့ဒဏ်ခတ်မှုမှာ မပါဝင်တဲ့ ရုရှားကုမ္ပဏီ Green Line မှ စင်းလုံးငှားသင်္ဘောနဲ့ ယူဆောင်ခဲ့တာလို့ ကာဇက်စတန်အခြေစိုက် KTZ Express က ရိုက်တာစ် ကို အတည်ပြု ပြောဆိုပါတယ်။
ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေကို တိုင်ပင်နေပြီး ပိတ်ဆို့အရေးယူမှုတွေနဲ့ ကန့်သတ်ချက်တွေ အားလုံးကို လိုက်နာမှာဖြစ်ကြောင်းလည်း KTZ Express မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ယူကရိန်းကို စတင်ကျူးကျော်လာတဲ့ အချိန်ကတည်းက ရုရှားတပ်တွေ သိမ်းယူထားတဲ့ နယ်မြေတွေမှာ ကောက်နှံတွေ ခိုးယူထားကြောင်း ယူကရိန်း က စွပ်စွဲထားပြီး ရုရှားကလည်း ခိုးယူခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။